ဇူလိုင်၊၁၂
ရေတိုက်စားပြီး မြေပြိုတာကြောင့် ကချင်ပြည်နယ်၊ဝိုင်းမော်မြို့၊ မိုင်းနားကျေးရွာအုပ်စု၊ ဧရာဝတီမြစ်ကမ်းနံဘေးက အိမ်ခြေ ၁၇ အိမ် ပျက်စီးဆုံးရှုံးသွာပြီး ပြန်လည်ထူထောင်ဖို့ အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။
လက်လုပ်လက်စား အခြေခံလူတန်းစားတွေဖြစ်တာကြောင့် အိမ်ဝင်းပြန်ဝယ်ဖို့ မတတ်နိုင်ကြသလို ပြန်လည်ဆောက်လုပ်ဖို့လည်း ခက်ခဲကြတဲ့အတွက် အကူအညီလိုအပ်နေတာလို့ နေအိမ်ခြံဝင်း ဆုံးရှုံးသွားသူ တစ်ဦးက ပြောပါတယ်။
“အခြေခံလူတန်းစားများတယ်။ တစ်သက်လုံးစုပြီး အဲဒီနားမှာ ဆောက်ပြီးနေကြတာ ဟုတ်တယ်။ တစ်သက်လုံးစုထားတွေ အကုန်လုံးပါသွားတာပေါ့။ အခုက ဘာအကူအညီမှလည်း မရောက်ဘူး။“လို့ ဆိုပါတယ်။
သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းတွေအနေနဲ့ နေအိမ်ခြံဝင်းဆုံးရှုံးသွားသူတွေကို သင့်လျော်တဲ့နေရာမှာ နေထိုင်နိုင်ဖို့ အစားထိုးမြေနေရာ ပြန်လည်ချပေးဖို့နဲ့ ကမ်းပါးတွေကို ရေကာတာတွေ ဆောက်လုပ်ပေးဖို့ တောင်းဆိုလိုတယ်လို့ ဆက်လက်ပြောပါတယ်။
ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ အခြားသက်ဆိုင်ရာဝန်ကြီးတွေအနေနဲ့ ပျက်စီးသွားတဲ့ နေရာတွေကို လာကြည့်မယ်ဆိုပြီး ပြောဆိုထားပေမဲ့ ရောက်မလာကြသေးဘူးလို့ အိမ်ခြံဆုံးရှုံးသူတွေက ပြောပါတယ်။
လွန်ခဲ့တဲ့ ဇူလိုင်လဆန်းက ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေအမှတ် ကျော်လွန်ရောက်ရှိခဲ့ပြီး ရေနဲ့အတူ အထက်ပါ နေအိမ်ခြံဝင်းတွေသာမက ရေချိုးခန်း၊ အိမ်သာ၊ မီးဖိုချောင်နဲ့ အိမ်တွေပါ မျောပါသွားတာဖြစ်တယ်လို့ သိရပါတယ်။
လတ်တလောမှာတော့ ကျန်ခဲ့တဲ့ အိမ်အကြွင်းအကျန်တွေနဲ့ လမ်းနံဘေးမှာ တဲထိုးပြီးနေကြရပြီး တချို့က ဆွေမျိုးအသိုင်းအဝိုင်းတွေဆီ အကူအညီတောင်း နေထိုင်နေကြတဲ့အပြင် တချို့ကတော့ ဘုရားကျောင်းဝင်းနဲ့ ဘုန်းကြီးကျောင်းဝင်းတွေမှာ ခိုလှုံနေရတယ်လို့ သိရပါတယ်။
မြစ်ကြီးနားမြို့ရဲ့ ဧရာဝတီမြစ်ရေဟာ ဇွန်လ ၃၀ ရက်နေ့မှာ စတင်မြင့်တက်လာခဲ့တာဖြစ်ပြီး ဇူလိုင်လ ၁ ရက်နေ့ ည ၁၁ နာရီခွဲအချိန်မှာတော့ စိုးရိမ်ရေမှတ် ၁,၂၀၀ စင်တီမီတာအထက် ၁,၄၀၆ စီတီမီတာထိ ရောက်ရှိခဲ့ပြီးတော့ မြစ်ကြီးနားမြို့က ရပ်ကွက်/ကျေးရွာအများစု ရေဘေးသင့်ခဲတာ ဖြစ်ပါတယ်။