စစ်ကော်မရှင်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ၂၀၂၆ နှစ်ဆန်းပိုင်းမှာတင် ကလေး ၂၂ ဦးသေဆုံး

2
၂၀၂၅ ခုနှစ်၊ ဩဂုတ်လဆန်းပိုင်းက စစ်ကော်မရှင်၏လက်နက်ကြီးကျည်ကြောင့် ဖားကန့်ဒေသက ကလေးငယ်တစ်ဦး သေဆုံးခဲ့စဉ်။

ဖေ‌ဖော်ဝါရီ၊၂၀

စစ်ကော်မရှင်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အခု ၂၀၂၆ နှစ်ဆန်းပိုင်းမှာတင်ပဲ ကလေး ၂၂ ဦးထိ သေဆုံးခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

သေဆုံးသူတွေဟာ ယောကျာ်းလေး ၁၁ ဦးနဲ့ မိန်းကလေး ၁၁ ဦးဖြစ်ပြီး ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၁၈ ရက်နေ့အထိ စာရင်းတွေဖြစ်တယ်လို့ AAPP က ဆိုပါတယ်။

သေဆုံးသူတွေကိုလည်း နာမည်နဲ့တကွ အတည်ပြုထားနိုင်ပြီး အများဆုံးသေဆုံးခဲ့တာကတော့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာဖြစ်တယ်လို့ သိရတယ်။

အဲဒီ အချက်အလက်တွေဟာ AAPP က လက်လှမ်းမီသမျှ ကောက်ယူထားတာသာဖြစ်ပြီး မြေပြင်မှာ အခုထက်ပိုများနိုင်တာကြောင့် အချက်အလက်တွေထပ်ရင် ဆက်ပြီးထည့်သွင်းဖော်ပြသွားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့ကတော့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရဲ့ တစ်ဖက်ကမ်း ကောင်ဂျာရွာဘက်မှာ တိုက်ပွဲမရှိဘဲ စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တာကြောင့် အသက် ၂ လအရွယ် ကလေးတစ်ယောက် သေဆုံးခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၆ နှစ်ဆန်းပိုင်းအထိတော့ စုစုပေါင်း ကလေးငယ် အယောက် ၁,၀၁၀ ဟာ စစ်ကော်မရှင်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တယ်လို့ AAPP ရဲ့ စာရင်းတွေအရ သိရပါတယ်။

အခုနှစ် ၂၀၂၆ ထဲမှာတော့ စစ်ကော်မရှင်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူပေါင်း ၁၅၄ ယောက်ထိ သေဆုံးခဲ့ပြီး အာဏာသိမ်းပြီးချိန်ကနေ အခုနှစ်ဆန်းအထိဆိုရင်တော့ အတည်ပြုထားနိုင်တဲ့ သေဆုံးသူ ၇,၈၀၄ ယောက်ရှိနေပြီး အတည်ပြုဖို့လိုနေတဲ့သူတွေကတော့ ၄,၅၀၀ လောက်ရှိနေတယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here