ဖေဖော်ဝါရီ၊၃
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆွတ်ဘွမ်(အမှိုက်ပုံ)ကျေးရွာကို ဒီကနေ့မနက် ၃ နာရီလောက်က တိုက်ပွဲပြင်းထန်ပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်တွေက နေရာယူထားလိုက်ပြီလို့ သိရပါတယ်။
ဆွတ်ဘွမ်(အမှိုက်ပုံ)ကျေးရွာက စစ်ကောင်စီတပ်သားတွေကို KIA/KPDF ပူးပေါင်းတပ်တွေကနေ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျေးရွာကိုထိန်းချုပ်ထားလိုက်ပြီလို့ KIAနဲ့ နီးစပ်တဲ့ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“အခုက ကျွန်တော်တို့ ဘက်က ဆွတ်ဘွမ်(အမှိုက်ပုံ)ကို အကုန်ထိန်းချုပ်လိုက်ပြီ။အခု စစ်ကော်မရှင်တပ်က မော်ဝမ်းကြီး ဆုတောင်းကုန်းမှာရှိသေးတယ်။“ လို့ အထက်ပါအမျိုးသားက ပြောပါတယ်။
စစ်ကော်မရှင်အင်အား ၅၀ ခန့်နေရာယူထားတဲ့ ဆွတ်ဘွမ်(အမှိုက်ပုံ)ကျေးရွာကို KIA/KPDF ပူးပေါင်းတပ်တွေကနေ သွားရောက်တိုက်ခိုက်ခဲ့တာပါ။
တိုက်ပွဲကြောင့် ဆွတ်ဘွမ်(အမှိုက်ပုံ)ကျေးရွာက ဒေသခံတွေ အကုန်နီးပါး နီးစပ်ရာကို စစ်ဘေးတိမ်းရှောင်သွားကြပြီလို့ ဖားကန့်ဒေသခံ အမျိုးသမီးတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်
“အမှိုက်ပုံရွာတစ်ရွာလုံး စစ်တွေပြန်ရှောင်ရတယ်။တစ်ရွာလုံးကိုရှောင်ခိုင်းတယ်ပြောတယ်။ ဘာလို့လဲဆိုတော့ PDF /KIA က ရွာပေါ်ကို နေရာယူတယ်။ အောက်ဘက်မှာလည်း စကစတွေဆိုတော့လည်း ရှောင်ခိုင်းတယ်။” လို့ အထက်ပါအမျိုးသမီးက ပြောပါတယ်။
တိုက်ပွဲအတွင်း ဆွတ်ဘွမ်(အမှိုက်ပုံ)ကျေးရွာ ဒေသခံပြည်သူသုံးဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ သိရပေမဲ့ မြစ်ကြီးနားသတင်းဂျာနယ်အနေနဲ့ အသေးစိတ်ကိုတော့ မသိရှိရပါဘူး။
ဆွတ်ဘွမ်ကျေးရွာက စစ်ကော်မရှင်တပ်နဲ့ KIA/KPDF ပူးပေါင်းတပ်တို့ရဲ့ တိုက်ပွဲအပြီးမှာလည်း ဖားကန့် စစ်ကော်မရှင်တပ်မကုန်းနဲ့ KIA/KPDF ပူးပေါင်းတပ်တို့ လက်နက်ကြီးတွေ အပြန်အလှန်ပစ်ခတ်နေကြပြီး လူနေအိမ်ရပ်ကွက်တွေမှာ ကျရောက်တဲ့အတွက် ထိခိုက်ဒဏ်ရာရရှိတဲ့ ဒေသခံပြည်သူတွေလည်း ရှိတယ်လို့သိရပါတယ်။
မနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ကလည်း ဖားကန့်မြို့ မရှီကထောင်အနီး စစ်ကော်မရှင်တပ်နဲ့ KIA/KPDF ပူးပေါင်းတပ်တို့ တိုက်ပွဲအတွင်းပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဟာ အထက်တန်းစာသင်ကျောင်းမှာ ကျရောက်ပေါက်ကွဲတဲ့အတွက် ကျောင်းသူတစ်ဦးနဲ့ ကျောင်းသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ ရွေးကောက်ပွဲအပြီး ဖားကန့်ဒေသမှာ စစ်ကော်မရှင်တပ်နဲ့ KIA/KPDF ပူးပေါင်းတပ်တို့ကြား စစ်ရေးအခြေအနေ ပြန်လည်တင်းမာနေတာ ဖြစ်ပါတယ်။







