မရေရာတဲ့ မက်လုံးတွေနောက်ကွယ်က ထောင်ချောက်

1752
လူကုန္ကူး

အပြင်ကနေ ဆိုင်ကယ်တစ်စီးနဲ့ ပြန်ရောက်လာတဲ့ အသက် ၁၆ နှစ်အရွယ် အောင်အောင် ကို အဒေါ်ဖြစ်သူက လက်ယပ်လှမ်းခေါ်လိုက်ပြီး “ရော့ ..မင့်အမေနဲ့ ဖုန်းပြောလိုက်ဦး”လို့ ပြောရင်း Vedio Call ဝင်နေတဲ့ သူ့လက်ထဲက ဖုန်းကို လှမ်းပေးလိုက်ပါတယ်။ အောင်အောင်က ဖုန်းမျက်နှာပြင်မှာပေါ်နေတဲ့ အမျိုးသမီးကိုကြည့်ပြီး ပါးချိုင့်လေးပေါ်အောင် ပြုံးပြလိုက်ရင်း “အမေ”ဆိုတဲ့ စကားလုံးနဲ့ နှုတ်ဆက်လိုက်တယ်။

မတွေ့တာ ကြာပြီဖြစ်တဲ့ မိခင်ကို တမ်းတတဲ့စိတ်နဲ့ “ဘယ်ကို ရောက်နေတာလဲ၊ ဘာလုပ်နေလဲ၊ ဘယ်တော့ပြန်လာမှာလဲ”ဆိုတဲ့ မေးခွန်းတွေ ဆက်တိုက်မေးမိတော့ သားရော အမေပါ ဝမ်းနည်း မျက်ရည်တွေ ကျကြတယ်။ အောင်အောင့်အတွက် အမေနဲ့ပတ်သက်ပြီး မေးခွန်းတွေ ကျန်ဦးမှာပါ။ “အမေ့သားလေး အရမ်းကြီးလာပြီ။ သားလိမ်လိမ်မာမာနေနော်၊ အမေ မကြာခင်သားဆီ ပြန်လာပါမယ်”လို့ မျက်ရည်လည်ရွဲနဲ့ မကြာခဏပြောတဲ့ အမေ့စကားက တစ်နေ့နေ့ကျရင်တော့ မှန်လာမှာပါလို့ အားတင်းပြီး အောင်အောင် စောင့်နေခဲ့ပါတယ်။

တကယ်တော့ အသက် ၄၀ မိခင်ဖြစ်သူ ဒေါ်အဂျာက လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က မြစ်ကြီးနားမြို့ရဲ့ ရပ်ကွက်လေးတစ်ခုမှာ မိဘက ခွဲဝေပေးတဲ့ မြေကွက်လေးမှာ အိမ်ဆောက်ပြီး ခင်ပွန်းဖြစ်သူရယ်၊ သားရယ် အတူတကွလယ်ယာလုပ်ကိုင် နေထိုင်ခဲ့သူပါ။ လယ်ယာလုပ်ငန်းက ရတဲ့ဝင်ငွေက သားတစ်ယောက်သာရှိတဲ့ သူ့မိသားစုလေးအတွက် မဖူလုံခဲ့ဘူး။ ဘဝမှာ အဓိကကျတဲ့ နေစရာအိမ်လေးကလည်း သားလေး အောင်အောင်နဲ့ နောက်ထပ် မွေးလာမယ့် သားသမီးတွေအတွက် လိုအပ်တယ်လေ။ သားကလေး ၅ နှစ် ပြည့်လို့ ကျောင်းအပ်ပြီးသိပ်မကြာမှာပဲ အာ့ဂျာက ဆောက်လက်စ အိမ်ကို အပြီးသတ်နိုင်ဖို့နဲ့ မိသားစုစားဝတ်နေရေး ပြေလည်အောင်ဆိုပြီး ကလေးကို ဆွေမျိုးမိဘအိမ်မှာ ထားခဲ့ပြီး တရုတ်နိုင်ငံကို စီးပွားရှာဖို့ ခင်ပွန်းဖြစ်သူနဲ့အတူ ထွက်ခွာ သွားခဲ့ပါတယ်။ တရုတ်ပြည် ရောက်တော့ ခင်ပွန်းဖြစ်သူနဲ့ တစ်နေရာစီ အလုပ်ခွဲလုပ်ရင်း သားကလေးရှိရာ မြန်မာနိုင်ငံကို ပြန်မလာ ဖြစ်တော့တာ အောင်အောင်လေး ၁၄ နှစ်အရွယ် ရောက်တဲ့အထိ ပါပဲ။

တရုတ်ပြည်မှာ ယုံကြည်ရတဲ့ သူငယ်ချင်းတစ်ဦးက အာ့ဂျာကို အလုပ်လက်တွဲလုပ်ဖို့ခေါ်ရာကနေ မြန်မာနိုင်ငံရဲ့ နယ်စပ်ဒေသမှာ မဟုတ်တဲ့ တရုတ်နိုင်ငံအတွင်းထဲကို လူမသိ၊ သူမသိအောင် တရားမဝင် နည်းလမ်းနဲ့ ခေါ်ဆောင်သွားပါတယ်။ လူကုန်ကူးခံလိုက်ရတယ်လို့ ဆိုပါတော့။ အာ့ဂျာက သူဖြစ်ခဲ့တဲ့ ဖြစ်စဉ်ကို အခုနောက်ပိုင်း လူသုံးများနေတဲ့ Wechat လို့ ခေါ်တဲ့လူမှုကွန်ရက်ကနေ ဆက်သွယ်ရင်း ပြောပြပါတယ်။ တရုတ်ပြည်မှာ ကွဲကွာသွားခဲ့တဲ့ ခင်ပွန်းဖြစ်သူကတော့ အာ့ဂျာမရှိတော့တဲ့ နောက်ပိုင်း နောက်အိမ်ထောင်ပြုပြီး အဆက်အသွယ်ဖြတ်နေလိုက်ပါတော့တယ်။ အောင်အောင်လေးကတော့ ဆွေမျိုးအိမ်မှာ နေထိုင်ရင်း ပင်ပန်းဆင်းရဲစွာ ကြီးပြင်းလို့လာခဲ့ရပါတယ်။

အောင်အောင် ၈ တန်းရောက်တော့ ပညာသင်ကြားနေစဉ်မှာပဲ ကျောင်းစာကို စိတ်မဝင်စားတော့ဘူး။ ကျောင်း မတက်ချင်တော့ဘူးလို့ ဆိုလာတယ်။ ကျောင်းမှာ အများနဲ့ တန်းတူ မနေနိုင်တဲ့အတွက် သူကျောင်းထွက်ချင်လာတယ်။ ကျောင်းထွက်လိုက်တယ်။ အဖွားနဲ့အတူ နေ့လယ်နေ့ခင်းတွေမှာ လယ်ယာအလုပ် ဝင်လုပ်ကူနေခဲ့ပါတယ်။

“အမိမဲ့သား၊ ရေနည်းငါး” ဆိုသလို ရေနည်းအိုင်မှာနေရတဲ့ ငါးတစ်ကောင်ဟာ အသက်ရှင်သန်ဖို့ ခက်ခဲသလို မိဘအထိန်းအကွပ်မရှိတဲ့ သားလေးတစ်ယောက်အတွက် ရပ်တည်ရှင်သန်ဖို့က မလွယ်ဘူး။ အသက်ကြီးတဲ့ အဖွားဖြစ်သူတွေကလည်း သူ့ကို မျက်စိဒေါက်ထောက်ကြည့်ဖို့ အချိန်မရှိဘူးလေ။ အဲဒီတော့ အောင်အောင်လေးက ၁၄ နှစ်အရွယ်မှာ  သေရည်ဆိုတဲ့ အရက်ကို စတင်စမ်းသပ်တတ်ခဲ့တယ်။ ကွမ်းယာနဲ့ ဆေးလိပ်ဆိုတာကတော့ ပြောမနေပါနဲ့တော့။

“ကျောင်းမှ မတက်တော့တာ၊ ဘာမှ မလိုတော့ဘူး။ နေ့တိုင်း ထမင်းစားနေရရင်တော်ပြီ။ လောကကြီးမှာ တစ်ခါပဲ လူလာဖြစ်တာ ပျော်ပျော်နေရမယ်။ စားဖို့သောက်ဖို့ ဖန်ဆင်းထားတာပဲ”လို့ ပေါ့ပျက်ပျက်စကားလုံးတွေနဲ့ ဘဝကို အရှုံးပေးစ ပြုလာတယ်။

ဆိုလိုချင်တာက မသမာတဲ့ ပွဲစားမိန်းမတစ်ယောက်ရဲ့ မရိုးသားမှု၊ အယုံလွယ်တဲ့ အာ့ဂျာရဲ့ ပေါ့ဆမှု၊ ချမ်းသာလိုစိတ် လွန်ကဲမှုတို့က ဘေးထွက်ဆိုးကျိုးအနေနဲ့ ကလေးတစ်ယောက် ဘဝ ပျက်စေခဲ့တာကို ပြောချင်တာပါ။ ဒီလိုဖြစ်စဉ်မျိုးတွေ၊ ဒီ့ထက် မကတဲ့ ဖြစ်စဉ်မျိုးတွေ လောကမှာ အများကြီး ရှိကောင်း ရှိပါလိမ့်ဦးမယ်။

မြစ်ကြီးနားမြို့မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးကတော့ – “ကျွန်မကို အမျိုးသားတစ်ယောက်က ကြိုက်တယ်။ လက်ထပ်ယူမယ်ပြောပြီး တရုတ်ပြည်ကို ခေါ်သွားတယ်။ အဲဒီမှာ ရောက်တော့ တရုတ်အဖိုးကြီးတစ်ယောက်ဆီ ရောင်းစားလိုက်တယ်”လို့ ပြောပြပါတယ်။

အဲဒီ အမျိုးသမီးကို ရောင်းစားလိုက်တဲ့ အမျိုးသားက မြို့နဲ့အလှမ်းဝေးတဲ့ ကျေးရွာတွေက အပျိုလေးတွေကို လက်ထပ်ယူမယ်လို့ ပြောဆိုပြီး တရုတ်နိုင်ငံထဲခေါ်ယူရောင်းစားတဲ့ ဖြစ်စဉ်တွေ ကြုံနေရတဲ့ မိန်းမပျိူလေး အယောက် ၂၀ ကျော်ရှိပြီဖြစ်တယ်လို့ ရောင်းစားခံခဲ့ရပြီး ပြန်လည် လွှတ်မြောက်လာတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က တရုတ်နိုင်ငံကို ရောင်းစားခံရတဲ့ မြန်မာနိုင်ငံက အမျိုးသမီး ၆၀ ရာခိုင်နှုန်းလောက်က တရုတ် အမျိုးသားတွေရဲ့ အဓမ္မလက်ထပ်ခြင်းကို ခံခဲ့ရတယ်လို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှသိရပါတယ်။

ကျန်တဲ့ ၄၀ ရာခိုင်နှုန်းက “ပြည့်တန်ဆာအလုပ်ကို စေခိုင်းခံရခြင်း၊ အဓမ္မစေခိုင်းခံရခြင်း၊ ကလေးလူကုန်ကူးခြင်းနဲ့ ကြွေးမြီဖြင့် နှောင်းဖွဲ့ခိုင်းစေခံရခြင်း” တွေကို ခံစားနေရတယ်လို့ ရဲတပ်ဖွဲ့က ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ လူကုန်ကူးခံရမှုနဲ့ ပတ်သက်ပြီး ၁၉၉၅ ခုနှစ်လောက်ကစပြီး ကမ္ဘာ့နိုင်ငံ အသီးသီးထက် စောလျှင်စွာ သတိပြုမိပြီး အမျိုးသားရေးတာဝန် တစ်ရပ်အနေနဲ့ ၁၉၉၇ ခုနှစ်က သတ်မှတ်ဆောင်ရွက်မှုတွေရှိပေမယ့် တားဆီးနှိမ်နင်းရေးလုပ်ငန်း လုပ်ဆောင်မှုတွေကတော့ နှောင့်နှေးနေပါသေးတယ်။

မြန်မာနိုင်ငံ၌ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေကို ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ၂၀ဝ၅ ခုနှစ် စက်တင်ဘာလ ၁၃ ရက်က ပြဌာန်းခဲ့ပေမယ့် နည်းဥပဒေကတော့ ယနေ့ထိ ထွက်ရှိလာနိုင်ခြင်း မရှိသေးဘူးလို့လည်း သိရတယ်။

“ကျွန်တော်တို့ နိုင်ငံက ဥပဒေရှိပေမယ့် တရုတ်နိုင်ငံက ဥပဒေမရှိတဲ့အတွက် ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ ခက်ခဲမှုတွေ ရှိနေပါတယ်”လို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ထိုင်း၊ မလေးရှားနဲ့ စင်္ကာပူနိုင်ငံတွေကို အလုပ်လုပ်ကိုင်ဖို့ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ထိုးထားတာမျိုး ရှိပါတယ်။ ဒါကြောင့် တစ်ဘက်နိုင်ငံတွေကိုသွားပြီး အလုပ်လုပ်ကိုင်လိုတဲ့ မြန်မာအလုပ်သမားတွေကို သွားရောက်လုပ်ကိုင်ခွင့်တွေ ပေးထားတယ်လို့ သိရပါတယ်။

ဒါပေမဲ့ တရုတ်နိုင်ငံနဲ့ (MoU) စာချုပ်လက်မှတ်ရေးထိုးထားခြင်း မရှိတဲ့အတွက် အဲဒီနိုင်ငံကို သွားရောက် အလုပ်လုပ်ကိုင်ခြင်းဟာ မြန်မာနိုင်ငံသားတွေအနေနဲ့ တရားမဝင်သွားရောက်နေထိုင် လုပ်ကိုင်ခြင်းသာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ကမ္ဘာမှာ ဒီလူကုန်ကူးမှုလုပ်ငန်းဟာ ကမ္ဘာဦးစကတည်းက ကျေးကျွန်စနစ်နဲ့ ရှိခဲ့ပေမယ့် လွန်ခဲ့တဲ့ နှစ် ၂၀ဝ လောက်က ငုပ်လျှိုးသွားခဲ့တဲ့ လုပ်ငန်းပဲဖြစ်တယ်လို့ လူကုန်ကူးမှုအကြောင်းအရာနဲ့ ပတ်သက်ပြီးလေ့လာနေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။ဒါပေမယ့် ၁၉၈၀ ခုနှစ်လောက်မှာတော့ ခေတ်သစ်ကျေးကျွန်စနစ်လို့ ခေါ်လို့ရတဲ့ လူတစ်ဦးကို လူတစ်ဦးတစ်ယောက်က မိမိရဲ့အကျိုးအမြတ်အတွက် ရည်ရွယ်ချက်ရှိရှိနဲ့ အလိုမတူဘဲလုပ်အား ခေါင်းပုံဖြတ်တဲ့စနစ်အဖြစ် တစ်ဖန်ပေါ်ပေါက်လာခဲ့တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၂၀ဝ၀ ခုနှစ်မှာတော့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က “ကမ္ဘာပေါ်မှာရှိတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အားလုံးထဲမှာ လူကုန်ကူးမှုဟာ အဆိုးဝါးဆုံးသော ဥပဒေချိုးဖောက်မှု ဖြစ်တယ်”ဆိုပြီး လက်မှတ်ရေးထိုးကြေညာခဲ့တယ်လို့ လူကုန်ကူးတားဆီးနှိမ်နင်းရေး တပ်ဖွဲ့မှ အငြိမ်းစားတစ်ဦးကပြောပါတယ်။

မြန်မာနိုင်ငံက နိုင်ငံတကာမှာ လူကုန်ကူးမှုအဖြစ်အများဆုံးနိုင်ငံတွေထဲမှာ ပါဝင်နေပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် ရန်ကုန်တိုင်းဒေသကြီးမှာ လူကုန်ကူးမှုတွေ၊ လူမှောင်ခိုမှုတွေ ကျူးလွန်ခံရတာ အများဆုံးဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်မှာတော့ ၂၀၁၇ ခုနှစ်မှာ လူကုန်ကူးခံရမှု  စုစုပေါင်း ၃၂ မှု ရှိပါတယ်။

၂၀၁၈ ခုနှစ် အတွင်းမှာတော့  အောက်တိုဘာလ ၃၁ရက်အထိအမှုပေါင်း ၂၂ မှုရှိပြီးတော့ ၉၀ ရာခိုင်နှုန်းက အဓမ္မ လက်ထပ်ခံရတဲ့အမှုတွေ ဖြစ်တယ်လို့ ကချင်ပြည်နယ်လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့၏ စာရင်းအရ သိရပါတယ်။

လူကုန်ကူးမှု လျှော့ချနိုင်ဖို့အတွက် ကချင်ပြည်နယ်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ အမျိုးသမီးရေးရာအဖွဲ့တွေနဲ့ ပူးပေါင်းပြီး သင်တန်းတွေ ပို့ချတာ၊ လက်ကမ်းစာစောင်တွေ ဝေတာမျိုးတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံကို အကြောင်းအမျိုးမျိုးကြောင့် လူကုန်ကူးမှုခံခဲ့ရတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ဘေကျင်းမြို့မှာရှိတဲ့ မြန်မာသံရုံး ၂ ဒုန်ဇီမန်အပြင်လမ်း၊ ချောင်ရန် ဖုန်းနံပါတ် ဝ၁၀၆၅၃၂၀၃၅၉၊ ယူနန်ခရိုင်၊ ကူမင်းမြို့က မြန်မာကောင်စစ်ဝန်ရုံး၊ အမှတ် ၉၉၊ ယင်းဘင်လူ၊ ဂွမ်ဒုကျူ ဖုန်းနံပါတ် ဝ၈၇၁- ၈၁၆၂၈၀၆၊ ၈၁၆၈၁၄၊ ဂွမ်ရှိခရိုင်၊ နန်နင်းမြို့က မြန်မာကောင်စစ်ဝန်ရုံး အမှတ် ၁၆-၇၊ ဝ၇၇၁၅၆၇၂၈၄၅၊ ၅၆၇၂၃၉၁၊ အရေးပေါ် ဖုန်းလိုင်းဖြစ်တဲ့ ၁၁၀၁ စတဲ့ဖုန်းတွေကို ဆက်သွယ်အကြောင်းကြားပြီး အကူအညီတောင်းနိုင်တယ်လို့လည်း သိရပါတယ်။

အကူအညီတောင်းနိုင်တယ်ဆိုပေမယ့် အနှောင်အဖွဲ့တွေကြားမှာ ထိန်းချုပ်ခံထားရတဲ့ မိန်းမသားတွေအဖို့ လွတ်လမ်းဆိုတာ မဟာစိန်ခေါ်မှုကြီးတစ်ခုပါ။ ရုပ်ဆိုးတဲ့ တရုတ်လူပျိုကြီးတွေ၊ အဖိုးကြီးတွေနဲ့ လက်ထပ်ပြီး သားသမီး မွေးပေးနေရတဲ့မြန်မာ အမျိုးသမီးတွေ တရုတ်နိုင်ငံထဲမှာ ဘယ်လောက်တောင် များနေမလဲဆိုတာ မတွေးဝံ့စရာပါပဲ။ လူကုန်ကူးမှုတွေ၊ လူမှောင်ခို မှုတွေကျူးလွန်ခံရတဲ့အပြင် သူ့ရဲ့နောက်ကွယ်မှာ ဆက်လက်ဖြစ်ပျက်နေတဲ့ ဘဝတွေကလည်း မရေမတွက်နိုင်အောင် ရှိနေမှာပါ။

အစိုးရအနေနဲ့ မြန်မာနိုင်ငံသားတွေကို ကာကွယ်ဖို့၊ ကယ်တင်ဖို့အတွက် ကြိုးစားမှုတွေ ရှိပေမယ့်လည်း အောင်မြင်မှုရတာ နည်းနေပါသေးတယ်။ အဓိကက အလုပ်အကိုင် ရှားပါးမှုကြောင့် တိုင်းတစ်ပါးကို အလုပ်လုပ်ဖို့ သွားတဲ့သူတွေ နေ့စဉ်နဲ့အမျှ ကုန်ကူးခံနေရတာပါ။ လူတစ်ယောက်ကို လောဘစိတ်ဖြစ်လာအောင်မက်လုံးတွေနဲ့ ဖြားယောင်းလာမယ့် ပွဲစားတွေက အလုပ်လက်မဲ့ အမျိုးသမီးတွေကို ပစ်မှတ်ထား ဆွယ်တရားဟောမှာပါ။ ဒါကို မြန်မာအမျိုးသမီးတို့ အယုံလွယ်ပြီး လောဘမတက်မိဖို့ အရေးကြီးပါတယ်။ အလိမ်ခံရမှုတိုင်းဟာ အလိမ်ခံရသူရဲ့ လောဘစိတ်နဲ့ အများကြီးသက်ဆိုင်ပါတယ်။ ပွဲစားကပေးလာမယ့် မက်လုံးတွေကို ယုံမှတ်ပြီး လိုက်သွားရင်တော့ နောက်ပိုင်းမှာ ကျန်ရစ်ခဲ့မယ့် ဘေးထွက်ဆိုးကျိုးတွေက အောင်အောင်လေးရဲ့ ဘဝလို လုံးပါး ပါးရပါလိမ့်မယ်။ အခုဆို အောင်အောင်က အမေပြန်လာမယ့်ရက်ကို စောင့်ရင်း မူးယစ်ဆေးဝါးတွေတောင် သုံးတတ်နေပြီလေ။

သူ့ရဲ့ အကြောင်းပြချက်က အမေ့ကို သွားရှာချင်တယ်တဲ့။ အမေ့ကို ကယ်တင်ချင်တယ်တဲ့။ အမေ့ဆီရောက်အောင် သွားချင်တယ်တဲ့လေ။ ပွဲစားပါးစပ်က လောဘတက်အောင် မြှူဆွယ်တဲ့ မရေရာတဲ့ မက်လုံးပေးမှုတွေနောက်ကို လိုက်မိရင်တော့ သူတို့ဆင်တဲ့ အဝင်လွယ်ပြီး အထွက်ခက်တဲ့ ထောင်ချောက် ထဲကို တန်းရောက်သွားမှာပါ။ မိမိတစ်ဦးတစ်ယောက်ရဲ့ ဘဝတင်မကဘဲ သားတစ်ကွဲ၊ လင်တစ်ကွဲနဲ့ ဘဝတွေကွဲကွာနေကြရပြီး နောက်ဆုံးတော့ ကိုယ့်အိမ်ကိုယ်တောင် ပြန်မလာနိုင်တော့တဲ့ သူတွေ တရုတ်ပြည်ထဲမှာ မြောက်မြားစွာရှိနေတယ် ဆိုတာ သတိပြုကြဖို့ စာနာစိတ်နဲ့ ရေးသားလိုက်ပါတယ်။

မွန်းမွန်းပန် ရေးသားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here