ဖားကန့်တွင် စစ်ကောင်စီ၏ ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရ

276

 

အောက်တိုဘာ၊၁

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာ/ရပ်ကွက်မှာ မနေ့ည ၁၀ နာရီခွဲလောက်ကနေ ၁၂ နာရီခွဲအထိ စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တဲ့အတွက် ပြည်သူသုံးဦး ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ် ။

ဆိုင်းတောင် စစ်ကောင်စီကုန်းကနေ လက်နက်ကြီး ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တဲ့အတွက် စန်းသီတာကုန်း မူရင်းဘုရားကျောင်းဘေးက နေအိမ်မှာ ကျရောက် ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ ဆိုင်းတောင် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“လူသုံးယောက်လို့ပြောတယ်။ ထိတဲ့အချိန်က ၁၀နာရီခွဲမှာ ထိတာလား ၁၂ နာရီခွဲမှာထိလား ၁၀ နာရီခွဲမှာ ပစ်တာက ထိမှာ မဟုတ်ဘူး ။၁၀ နာရီခွဲမှာ ပစ် ရွာထဲကျတဲ့အသံတော့ မဟုတ်ဘူး။ ၁၂ နာရီခွဲမှာ သူတို့ပြန်ပစ်တာက ရွာထဲမှာလည်း ကျသလိုပဲ ” လို့ အထက်ပါ ဒေသခံအမျိုးသမီးက ပြောပါတယ်။

လတ်တလော စစ်ကောင်စီတပ်ဘက်ကလူတွေနဲ့ စခန်းတွေ တိုက်ခိုက်ခံရတဲ့အတွက် အခုလိုပစ်ခတ်တာ ဖြစ်နိုင်တယ်လို့လည်း သုံးသပ်ပြောဆိုနေကြပါတယ်။

လက်နက်ကြီးကျည် ထိမှန်ခဲ့တဲ့ အသက် ၄၀ အရွယ်အမျိုးသားတစ်ဦးနဲ့ အသက် ၁၂ နှစ်အရွယ် အမျိုးသားတစ်ဦးက စိုးရိမ်ရပြီး အသက် ၃၉ နှစ်အရွယ် အမျိုးသမီးကတော့ စိုးရိမ်စရာမရှိဘူးလို့ သိရပြီး‌တော့ လက်ရှိ ဖားကန့်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။

စစ်ကောင်စီတပ်က တစ်ခုခု မသင်္ကာစရာ တွေ့တဲ့အတွက် ပစ်ခတ်တာ ဖြစ်နိုင်တယ်လို့လည်း ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက သုံးသပ်ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့က ဆိုင်းတောင်ကျေးရွာ/ရပ်ကွက်က စစ်ကောင်စီစရဖရုံးကို KIA၊PDF တွေက တိုက်ခိုက်ခဲ့တဲ့အပြင် စက်တင်ဘာလ ၂၁ ရက်နေ့ကလည်း စစ်ကောင်စီရဲတွေစီးလာတဲ့ကားကို KIA နဲ့PDFတွေ ပစ်ခတ်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က သေဆုံးသူတွေ ရှိခဲ့ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here