ဝိုင်းမော်-ဆဒုံးလမ်းပေါ်တွင် KIA တပ်သားပုံစံ ဦးထုပ်များ ဝတ်ဆင်ပြီး လမ်းသွားလမ်းလာပြည်သူများအား တားဆီးစစ်ဆေးနေဟုဆို

124

 

စက်တင်ဘာ၊၃၀

ကချင်ပြည်နယ်၊ ဝိုင်းမော်-ဆဒုံးသွားလမ်းပေါ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တပ်သားပုံစံ ဦးထုပ်တွေဝတ်ဆင်ပြီး လမ်းသွားလမ်းလာပြည်သူတွေကို တားဆီးစစ်ဆေးပြီးတော့ ပိုက်ဆံတောင်းတာတွေ အခုရက်ပိုင်း လုပ်ဆောင်နေကြတယ်လို့ လူမှုကွန်ရက်စာမျက်နှာပေါ်တွေမှာ ပျံ့နှံ့နေပါတယ်။

အဲဒီ စစ်သားတွေဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဦးထုပ် ဆောင်းထားပြီး လမ်းသွားလမ်းလာ ပြည်သူတွေကို ဖုန်းစစ်တာတွေ၊ ပြည်သူတွေကို စစ်ဆေးမေးမြန်းတာတွေပါ လုပ်ဆောင်နေတာ ဖြစ်ပြီး ပြည်သူ့စစ် စစ်သားတွေကနေ အယောင်ဆောင်ပြီးတော့ လုပ်ဆောင်နေတာ ဖြစ်နိုင်တယ်လို့ ဆဒုံးဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“KIA ဦးထုပ်နဲ့ဆို ပိုတောင်းစားလို့ ရမယ်ထင်လို့ နေမှာ။ လူသစ်တွေဟုတ်တယ်။ တခြားအရပ်က ပြောင်းလာတဲ့ ပြည်သူ့စစ်တွေ ဖြစ်နိုင်တယ်။ ဒီက ပြည်သူ့စစ်တွေက အဲဒီလိုမလုပ်ရဲဘူး။ သူတို့ အကြောင်းမသိလို့ လုပ်နေတာ နေမှာ။ ပုံမှန်တော့ မရှိဘူး။ သူတို့ စောင့်ကြပ်နေချိန် ကျော်မိတဲ့ သူက စစ်ခံရတာပေါ့“လို့ ဒေသခံက ဆိုပါတယ်။

ဝိုင်းမော်ကနေ ၂၉ မိုင်လောက်ဝေးတဲ့ ဆဒုံးရေတံခွန်မရောက်ခင်နေရာမှာ စစ်သား လေးယောက် ဝန်းကျင်လောက်ကနေ ဆိုင်ကယ်နဲ့ သွားလာတဲ့ ပြည်သူတွေကို တားဆီးပြီး ဟင်းဖိုးတောင်းတာတွေ မကြာခဏ ပြုလုပ်လာနေတာ ဖြစ်တယ်လို့လည်း အထက်ပါ ဒေသခံက ဆက်လက် ဆိုပါတယ်။

“ဒီအပတ်လောက်ကပဲ ဟုတ်တယ်။ သူတို့အရမ်းခက်နေတယ်ဆိုပြီး အစားအသောက်တွေ တောင်းတယ်။ ဘယ်လောက်ဆိုတာတော့ မသတ်မှတ်ထားဘူး။ သူတို့ ဘာမှမစားဘူး ကူညီပါဆိုပြီး ဟင်းဖိုး၊ ဆေးဝါးဖိုးတွေ တောင်းတယ်။ ကားတွေကိုတော့ မစစ်ဘူးလို့ ကြားတယ်။ အများစု ဆိုင်ကယ်သမားတွေကို စစ်တယ်”လို့ ဒေသခံက ဆိုပါတယ်။

KIA အယောင်ဆောင်ပြီး လမ်းသွားလမ်းလာပြည်သူတွေကို တားဆီးစစ်ဆေးတာတွေ လုပ်ဆောင်နေတာဖြစ်တယ်လို့ ကြားသိရတဲ့အကြောင်း နောက်ထပ်ဒေသခံပြည်သူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြည်သူ့စစ်စစ်သားတွေ KIA အယောင်ဆောင်ပြီး အခုလို လုပ်ဆောင်နေတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မဟုတ်မမှန်သတင်းမျိုးသာ ဖြစ်တဲ့အပြင် ပြည်သူ့စစ် စစ်သားတွေပြုလုပ်တာ မဟုတ်ကြောင်း လီဆူပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းက အခုလို ပြန်လည်ဖြေရှင်းပါတယ်။

ကျွန်တော်တို့ဆီမှာ KIAအဝတ်အစားလည်း တစ်စုံမှမရှိပါဘူးခင်ဗျာ။ တပ်မတော်အင်္ကျီလည်း မဝတ်ခိုင်းဘူး။ တခြားအင်္ကျီ မဝတ်ခိုင်းဘူး။ ပြည်သူ့စစ်က ပြည်သူ့စစ်အင်္ကျီပဲ ဝတ်ရမယ်လို့ ကျွန်တော်တို့ သတ်မှတ်ချက်ရှိပါတယ်။ ကျွန်တော်တို့ အဖွဲ့ကို အဲဒီသတင်းတက်လာတာနဲ့ မေးကြည့်ပါတယ် ဒါတွေမရှိပါဘူး။ ဆဒုံးကြားထဲမှာ ကျွန်တော်တို့အဖွဲ့ လမ်းပေါ်မှာ လုံးဝမရှိပါဘူးခင်ဗျ“လို့ ဦးရွှေမင်းက ဆိုပါတယ်။

တစ်ဆက်တည်းမှာပဲ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကိုလည်း ဆက်သွယ်မေးမြန်းရာမှာ အထက်ပါကိစ္စနဲ့ ပတ်သက်ပြီး မသိရှိရသေးဘူးလို့ ပြန်လည်ဖြေကြားပါတယ်။

ဒါ့အပြင် အခုရက်ပိုင်း ဝိုင်းမော်မြို့နယ်၊ ဝူယန်ပြည်သူ့စစ်ဂိတ်မှာလည်း ခရီးသွားကားတွေကို တားဆီးစစ်ဆေးတာတွေ သာမက ဆိုင်ကယ်သမားတွေကိုပါ ဖုန်းစစ်တာတွေ သိသိသာသာ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here