မတ်၊၂၄
စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာမှာ အသုံးပြုတဲ့ လျှပ်စစ်မီတာခ ၃ နှစ်စာကို ဖားကန့်မြို့နယ်အတွင်းမှာ ပြန်လည်ကောက်ခံနေပြီလို့ သိရပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း မကောက်ခံခဲ့တဲ့ အသေးစားအလတ်စား အကြီးစား လုပ်ငန်းသုံးမီတာတွေကို ကောက်ခံတာဖြစ်ပြီး ကုမ္ပဏီ၊ ရေသန့်စက်၊ စက်မှုလက်မှု၊ ဆန်နဲ့ဆီစက်၊ ဆီပန့်၊ ဟိုတယ်၊ စားသောက်ဆိုင်၊ KTV၊ တည်းခိုခန်း၊ စတိုးဆိုင်၊ကုန်စုံဆိုင်၊အိမ်ဆောက်ပစ္စည်းဆိုင်၊လျှပ်စစ်ပစ္စည်းဆိုင်၊စားသောက်ဆိုင်၊ ကားနဲ့ပတ်သက်တဲ့ ဆိုင်တွေ၊ ကျောက်ဖြတ်ခုံ၊ အလှပြင်ဆိုင် စတဲ့ ဆိုင်တွေရဲ့ စုစုပေါင်းမီတာ ၁,၂၅၀ လုံးက မီတာကြွေးကျန်တွေကို ကောက်ခံတာဖြစ်ပြီး အရစ်ကျစနစ်နဲ့ ပေးသွင်းလို့ရတယ်လို့လည်း ဆိုထားပါတယ်။
နိုင်ငံရေးအခြေအနေကြောင့် လျှပ်စစ်မီတာသုံးစွဲခတွေ ကောက်ခံလို့မရခဲ့တဲ့အတွက် သုံးနှစ်စာ ကောက်ခံရတာဖြစ်တယ်လို့ ဖားကန့်မြို့နယ်၊ လျှပ်စစ်အင်ဂျင်နီယာရုံးမှာရှိတဲ့ တာဝန်ရှိသူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်
“သုံးနှစ်စာက ဘာလို့လဲဆိုရင် ကျွန်တော်တို့ ၂၀၂၁ အာဏာသိမ်းပြီးကတည်းကနေ မီတာခကောက်ခံလို့မှ မရတာကို။ အကြောင်းအမျိူးမျိုးကြောင့် အခုအချိန်အထိ ဒီလမှ စကောက်လို့ရတာကို သုံးနှစ်စာဖြစ်သွားတာပေါ့။ အသုံးများတဲ့လူအတွက် များမှာပေါ့။ အသုံးနည်းတဲ့သူအတွက် နည်းမှာပေါ့နော်။”လို့ အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။
အများပြည်သူသုံး(ကျေးရွာ၊မြို့ပြ) မီတာ ၁၆,၀၀၀ လုံးအတွက်တော့ လက်ရှိအခြေအနေအရ ကောက်ခံဦးမှာ မဟုတ်သေးဘူးလို့လည်း သိရပါတယ်။
ဖားကန့်မြို့ လျှပ်စစ်မီတာရုံးက ကုမ္ပဏီတွေ၊ပုဂ္ဂလိကပိုင်လုပ်ငန်းတွေနဲ့ ဈေးဆိုင်ကြီးတွေ ဖွင့်တဲ့သူတွေကိုပဲ လျှပ်စစ်မီတာခ ဆောင်ခိုင်းတယ်လို့ပြောပေမဲ့ အိမ်ကိုလည်း မီတာလာဖတ်သွားတယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်
“ကျွန်တော်တို့အိမ်ကိုတော့ မီတာလာဖတ်သွားတယ်။ ဘာမှတော့ မပြောသေးဘူး။ အဓိက သူတို့က ကုမ္ပဏီတွေ ၊ပုဂ္ဂလိကတွေပေါ့နော်။ ကုန်မာဆိုင်အကြီးတွေကို တောင်းမယ်လို့ ပြောတယ်။ လက်ဖက်ရည်ဆိုင်တွေကိုပေါ့။ အိမ်တွေကိုတော့ မကောက်ဘူးလို့ပြောတယ်“လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။
လာမယ့် မတ်လ ၂၅ ရက်နေ့ နောက်ဆုံးထားပြီး ဖားကန်မြို့၊ လျှပ်စစ်အင်ဂျင်နီယာရုံးမှာ လျှပ်စစ်မီတာသုံးစွဲခတွေကို ဆောင်ပေးကြဖို့ ပြောဆိုထားတာဖြစ်ပြီး လျှပ်စစ်မီတာခ သွားဆောင်တဲ့သူတွေလည်း ရှိတယ်လို့ သိရပါတယ်။
ဖားကန်မြို့၊ လျှပ်စစ်အင်ဂျင်နီယာရုံးက ဖားကန့် မြို့ပေါ်ရပ်ကွက်၊ ဆိုင်းတောင်ကျေးရွာ/မြို့၊ လုံးခင်းကျေးရွာတွေမှာ နိုင်ငံတော် ဓာတ်အားစနစ်ကပေးနိုင်တဲ့ အခြေအနေပေါ်မူတည်ပြီး အချိန်ပိုင်းနဲ့ လျှပ်စစ်မီးပေးနေတယ်လို့ သိရပါတယ်။
ဖားကန့်မြို့နယ်အတွင်းမှာ လျှပ်စစ်မီးသုံးစွဲတဲ့ မီတာအလုံးရေပေါင်း ၁,၇၅၀၀ လုံးက မီတာခကြွေးကျန် ကျပ် ၅ ဘီလီယံ(ကျပ်သိန်းငါးထောင်) ရှိတယ်လို့လည်း ဖြန့်ဝေထားတဲ့ စာအရ သိရပါတယ်။







