ဖေဖော်ဝါရီ၊ ၁၇
မြေရှားသတ္တုတူးဖော်တာကို ကန့်ကွက်ဆန္ဒပြခဲ့တာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ ဖမ်းဆီးထားတဲ့ ဖရဲဒေသခံရွာသား ၅၀ ကျော်ထဲက ၅ ယောက်ကိုသာ ခံဝန်ချက်လက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ်ပေး လိုက်ပါတယ်။
ဖေဖော်ဝါရီ ၅ ရက်နေ့ကစတင် ဖမ်းဆီးခဲ့တာဖြစ်ပြီး ပထမရက်မှာ ဖမ်းခံထားရတဲ့ အမျိုးသား ၅ ဦးကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ လွတ်ပေးလိုက်တာ ဖြစ်တယ်လို့ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဖရဲဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။
“လက်မှတ်ထိုးခိုင်းပြီးမှ လွှတ်ပေးလိုက်တယ်လို့ သတင်းကြားရတယ်။ နောက်တစ်ခေါက် ဒီလိုမျိုးအစိုးရရဲ့ ကိစ္စ၊ အရေးတွေမှာ သူတို့ မနှောက်ယှက်နဲ့ဆိုပြီး ၅ ယောက်ကိုတော့ လွတ်လိုက်ပြီလို့ ကြားရတယ်။“လို့ ဒေသခံက ဆိုပါတယ်။
ဒါပေမဲ့ တခြားမလွတ်သေးတဲ့သူတွေကို ဘယ်နေရာမှာ ဘယ်လိုဖမ်းဆီးချုပ်နှောင်ထားလဲဆိုတာ မသိရတဲ့အတွက် စိတ်ပူနေရတယ်လို့လည်း ထွက်ပြေးတိမ်းရှောင်နေတဲ့ နောက်ထပ်ဖရဲဒေသခံတစ်ဦးက အခုလိုပြောပါတယ်။
“မဖမ်းဘဲ ကောင်းကောင်းလေး ဖြေရှင်းရင်ကောင်းမယ်ပေါ့နော်။ ဖမ်းတယ်ဆိုတာ လူဆိုးလူမိုက်တွေ၊ အပြစ်ရှိတဲ့သူတွေကို ဖမ်းတာ။ အပြစ်မရှိတဲ့သူကို ဖမ်းတယ်ဆိုတာ မကောင်းဘူး။“
ညသန်းခေါင်အချိန်တွေမှာလည်း အိမ်အထိ လာရောက်ဖမ်းဆီးတာတွေ ရှိနေတဲ့အတွက် တစ်ရွာလုံးက သက်လတ်ပိုင်းအမျိုးသားတွေဟာ ရွာထဲမှာ မနေရဲကြတော့ဘဲ တိမ်းရှောင်နေကြရတယ်လို့ ထွက်ပြေးတိမ်းရှောင်နေတဲ့ နောက်ထပ်ဖရဲဒေသခံတစ်ဦးက ပြောပါတယ်။
လိုင်ဇာမြို့မှာရှိတဲ့ KIO ဌာနချုပ်က အမိန့်လို့ဆိုပြီး ဒေသခံတွေ ကန့်ကွက်နေတဲ့ကြားက သဘောတူညီချက်မရယူဘဲ ၂၀၁၉ ခုနှစ်ကစပြီး မြေရှားတူးဖော်ရေးလုပ်ငန်းကို ဖရဲဒေသက တော၊ တောင်တွေမှာသာမက ဒေသခံတွေရဲ့ စိုက်ပျိုးမြေတွေပါမကျန် လုပ်ဆောင်နေကြတာဖြစ်တယ်လို့ သိရပါတယ်။
KIA ရဲ့ နည်းလမ်းအမျိုးမျိုးနဲ့ ခြိမ်းခြောက်တာ၊ ရိုက်နှက်တာတွေနဲ့ ဖမ်းဆီးတာတွေကို ပြုလုပ်ခံခဲ့ကြရပေမဲ့ ဒေသခံရွာသားတွေဟာ သတ္တုတူးဖော်ရေးလုပ်ငန်းတွေ ရပ်တန့်ပေးဖို့အတွက် လက်မလျှော့ဘဲ ဒီကနေ့ထိ ဆက်လက်ကန့်ကွက်နေကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
မြေရှားကုမ္ပဏီတွေအနေနဲ့ ဒီတစ်ကြိမ်တိုးချဲ့ပြီး တူးဖော်တဲ့နေရာဟာ ဖရဲဒေသခံတွေအားလုံးရဲ့ ရေသောက်မြစ်ဖြစ်တဲ့အပြင် ချောင်းထိပ်မှာလည်း ဖြစ်တဲ့အတွက် မဖြစ်မနေတားဆီးရမှာ ဖြစ်တာကြောင့် သွားရောက်တားဆီး ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒါကြောင့် ဒေသခံရွာသားတွေဟာ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ KIA တပ်က လုံခြုံရေးယူပြီး သတ္တုတူးနေကြတဲ့ တရုတ်ကုမ္ပဏီရုံးရှေ့ကို သွားရောက်ပြီးတော့ တရုတ်လုပ်ငန်းရှင်တွေနဲ့ အလုပ်သမားတွေကို သွားရောက်တားမြစ်၊ မောင်းထုတ်တာတွေကို ထပ်မံပြုလုပ်ခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒေသခံတွေ ကန့်ကွက်တာကို KIA တပ်မဟာ ၇ က စစ်သားတွေနဲ့ အရာရှိတွေသိရှိပြီး လူစုကွဲသွားအောင် သေနတ်တွေကို မိုးပေါ်ထောင်ပစ်တာတွေအပြင် ဒေသခံတွေကို ရိုက်နှက်၊ ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒေသခံတွေအနေနဲ့ မိမိဒေသကို ကာကွယ်ဖို့အတွက် အခုလိုတားဆီးတာတွေ ပြုလုပ်နေတာဖြစ်ပြီး ဒေသကို ကာကွယ်မှုမပေးတဲ့သူတွေကို မလိုချင်လာတော့ဘူးလို့လည်း နောက်ထပ်ဒေသခံတစ်ဦးက ထပ်မံပြောပါတယ်။
” ဘယ်သူ့ကိုမှ အားကိုးလို့မရတော့၊ အားကိုးမဲ့သူလည်း မရှိတော့ဘူးနော်။ အဲဒါဆိုတော့ ကျွန်တော်တို့က ဘုရားကို ဆုတောင်းတယ်။ အဲဒီလောက်ပဲကျွန်တော်တို့က တတ်နိုင်တယ်။“လို့ အထက်ပါဒေသခံက ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းကို ကန့်ကွက်တာကြောင့် ဖမ်းဆီးခံထားကြရတဲ့ ဒေသခံတွေကို အမြန်ဆုံးလွှတ်ပေးဖို့၊ မြေရှားသတ္တုတူးဖော်ခြင်းကြောင့် ဒေသအတွင်းရှိ ရေ၊ မြေ၊ တော၊ တောင်တွေနဲ့ စိုက်ပျိုးမြေတွေ ဒီထက်ပိုပြီး မပျက်စီးမီ သက်ဆိုင်ရာဌာနက အမြန်ဆုံးလာရောက်တားဆီးပေးကြဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။
လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အောက်ခြေကလုပ်ရပ်တွေကို KIO ဌာနချုပ်က သက်ဆိုင်ရာလူကြီးတွေအနေနဲ့ အမြန်ဆုံးလာရောက်ဖြေရှင်းပေးစေလိုတယ်လို့လည်း ဒေသခံတွေက ဆက်လက်တောင်းဆိုပါတယ်။
အခုဖမ်းခံထားရသူတွေထဲမှာ အရပ်သားပြည်သူတွေသာမက ကျောင်းအုပ်ဆရာကြီး၊ ကျောင်းဆရာတွေနဲ့ ဘာသာရေးဆရာတွေလည်း ပါတဲ့အတွက် ကျောင်းသူကျောင်းသားတွေ စာမေးပွဲဖြေခါနီး အခက်အခဲ ဖြစ်ရတယ်လို့ ဆိုပါတယ်။
မနှစ် အောက်တိုဘာလ ၂၃ ရက်နေ့ကလည်း သတ္တုတူးဖော်တာကို ကန့်ကွက်တဲ့ ဒေသခံအယောက် ၃၀ ကျော်ကို KIA က ဖမ်းဆီးခဲ့ပြီး ၂၄ ရက်နေ့မှာ ပြန်လွှတ်ပေးတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။
ဖရဲဒေသဟာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်ဧရိယာတွေထဲက ဒေသတစ်ခုဖြစ်ပြီး အဲဒီဒေသကို ၂၀၁၂ ခုနှစ်က ဦးဇခုန်တိန့်ယိန်းဦးဆောင်တဲ့ ကချင်အထူးဒေသ(၁) ငြိမ်းချမ်းရေးအဖွဲ့(NDAK) အုပ်ချုပ်နေတဲ့ လက်ကနေ တိုက်ယူပြီး KIA က ဝင်ရောက်အုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။
KIO/KIA ဝင်လာတဲ့နေ့ကစပြီး ဒေသအတွင်း စစ်ဖြစ်ပွားခဲ့တဲ့အတွက် ဒေသတစ်ခုလုံးက ပြည်သူတွေဟာ နေအိမ်တွေကို စွန့်ခွာပြီး ဖရဲဒေသအတွင်းက တရုတ်ပြည်နယ်စပ်၊ တစ်နေရာမှာ စစ်ရှောင်အဖြစ်နဲ့ စုစည်းနေထိုင်နေတာ ၁၂ နှစ်လောက် ရှိပြီဖြစ်ပါတယ်။
အထက်ပါကိစ္စနဲ့ ပတ်သက်ပြီး KIO/KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို မြစ်ကြီးနားသတင်းဂျာနယ်က ဆက်သွယ်မေးမြန်းထားပေမဲ့ အခုချိန်ထိ ပြန်လည်ဖြေကြားတာတော့ မရှိသေးပါဘူး။







