စစ်ကောင်စီဖမ်းဆီးသွားတဲ့ မရန်ကထောင်ရွာသား ၅ ဦး နှိပ်စက်ဒဏ်ရာတွေနဲ့ ပြန်လည်လွတ်မြောက်လာ

265

 

နိုဝင်ဘာ၊၂၉

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ မရန်ကထောင်ကျေးရွာအတွင်းက စစ်ကောင်စီကနေ ဖမ်းဆီးသွားတဲ့ ရပ်ရွာဆိုင်ရာ လူကြီး ၅ ဦးကို နှိပ်စက်မေးမြန်းပြီး နိုဝင်ဘာလ ၂၈ ရက်နေ့ နေ့လယ်ပိုင်းက ပြန်လည်လွှတ်‌ပေးလိုက်တယ်လို့ သိရပါတယ်။

မြစ်ကြီးနား- နမ္မတီး-လဝါးလမ်းပေါ်က မရန်ကထောင် စစ်ကောင်စီဂိတ်စခန်းမှာ နိုဝင်ဘာလ ၂၅ ရက်နေ့ မနက်က ပစ်ခတ်သံတွေ ကြားရပြီးတဲ့နောက် ညနေပိုင်းမှာပဲ မရန်ကထောင်ကျေးရွာအတွင်းက အထက်ပါ လူကြီး ၅ ဦးကို စစ်ကောင်စီကနေ ဖမ်းဆီးခေါ်ဆောင်သွားတာလည်း ဖြစ်ပါတယ်။

မိုးကောင်းစစ်ကောင်စီတပ်စခန်းဘက်ကို ခေါ်ဆောင်သွားပြီး လက်ထိပ်ခတ် ရိုက်နှက်တာတွေ၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပါ ရိုက်နှက်မေးမြန်းတာတွေ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ မရန်ကထောင်ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

“သူတို့ကို ထမင်းလည်း မကျွေးဘူးတဲ့။ သူတို့ထဲမှာ သွေးအန်တာတောင် ရှိတယ်တဲ့။ PDF၊ KIAတွေနဲ့ ဆက်စပ်တယ် ဆိုပြီး စွပ်စွဲတယ်တဲ့။ မသိဘူးလို့ပြောရင် ပြန်ရိုက်ကြတာတဲ့။အတွင်းကြေတွေ ဖြစ်သွားလား မသိဘူး“လို့ အထက်ပါက ဆိုပါတယ်။

ပြန်လွတ်လာသူတွေရဲ့ ခြေထောက်တွေ၊ ရင်ဘတ်တွေမှာ ရိုက်နှက်ဒဏ်ရာတွေ တွေ့ရတဲ့အပြင် အချို့ကတော့ လည်ပင်းကြိုးချည်ခံခဲ့ရတဲ့ ပုံစံတွေ တွေ့မြင်ရတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ပြန်လွတ်လာသူအချို့ကို မရန်ကထောင်စစ်ကောင်စီတပ်စခန်းက တာဝန်ရှိသူကနေ ရွာအတွင်း လူသူစိမ်း၊ ဧည့်သည်ဝင်ရောက်မှု ရှိ/မရှိ၊ ဒေသခံတွေ ရွာပြင် ထွက်တာ ရှိ/မရှိ အစရှိသဖြင့် သတင်းအချက်အလက်ကို မသိုမဝှက်ပဲ အမှန်အတိုင်း တင်ပြဖို့ ပြောဆိုထားတယ်လို့လည်း အထက်ပါဒေသခံရဲ့ ပြောပြချက်အရ သိရပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေဟာ အသက် ၄၀ ကနေ ၆၀အရွယ်‌တွေရှိတဲ့ ရပ်ရွာဆိုင်ရာ လူကြီးတွေဖြစ်ပြီး မိုးကောင်းစစ်ကောင်စီတပ်စခန်းမှာ ၄ ရက်လောက် စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးချုပ်နှောင် ရိုက်နှက်နှိပ်စက်မှုကို ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

နိုဝင်ဘာလ ၂၅ ရက်နေ့ မနက် ၈ နာရီလောက်က ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ကနေ မရန်ကထောင် စစ်ကောင်စီဂိတ်ကို သွားရောက်ပစ်ခတ်ပြီးတဲ့နောက် အထက်ပါ ဂိတ်စခန်းအပြင် မိုးကောင်းဗျူဟာကုန်းကနေပါ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့ပါတယ်။

ပစ်ခတ်မှုကြောင့် ရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်တွေပျက်စီးခဲ့တဲ့အပြင် အသင်းတော်ဆရာမတစ်ဦးနဲ့ အသက် ၈ နှစ်အရွယ် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဓါတ်ပုံ- ပုံဟောင်းဖြစ်ပါသည်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here