မြစ်ကြီးနား၊ ဒီဇင်ဘာ ၂၁
မြစ်ကြီးနားမြို့၊ အာလမ်ကျေးရွာအုပ်စု၊ လမုန်ဇွပ်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် “လမုန်ဇွပ် မျက်မမြင်ရိပ်သာ”တွင် သက်ကြီးမျက်မမြင်များ အတွက် ကျန်းမာရေး စောင့်ရှောက်ပေးမှု လိုအပ်နေကြောင်း သိရသည်။
အဆိုပါ ကျောင်းတွင် သက်ကြီးမျက်မမြင်များ မကြာခဏ နာမကျန်းဖြစ်ပွားလျက် ရှိသော်လည်း မြို့ပေါ်ဆေးခန်း၊ ဆေးရုံနှင့် ဝေးကွာသောကြောင့် ဆေးကုသရန် အဆင်မပြေမှုများ ဖြစ်နေကြောင်း အထက်ပါ ကျောင်းမှ ကြီးကြပ်ရေးမှူး ဆရာမ ဒေါ်ဘောက်တောင်က မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
“ကျန်းမာရေး စောင့်ရှောက်မှု အရမ်းလိုတယ်။ သက်ကြီးမျက်မမြင်တွေကိုဆိုရင် သယ်သွားသယ်လာ အရမ်းခက်တယ်။ ခါးတွေလည်း အကုန်ကုန်းနေပြီ။ ကျန်းမာရေးအတွက် ဒီကို အရောက် လာကြည့်ပေးတာမျိုး လိုပါတယ်”ဟု ဆရာမ ဒေါ်ဘောက်တောင်က ဆိုသည်။
လက်ရှိ မျက်စိနာသည့် သက်ကြီးရွယ်အိုများ ရှိနေသော်လည်း ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေသည့် အချိန်ဖြစ်သောကြောင့် ရောဂါကူးစက်မည်ကို စိုးရိမ်နေရသဖြင့် ဆေးကုသရန် အခက်အခဲဖြစ်ကြောင်းနှင့် ကျောင်းအတွင်း ဆေးမြီးတိုများဖြင့်သာ ကုသနေရကြောင်း ဆရာမဒေါ်ဘောက်တောင်က ပြောသည်။
“မျက်စိနာတယ်လို့ ခနခန ပြောတဲ့လူလည်း ရှိတယ်။ မျက်စိနာလည်း ဘာဆေးမှ မထည့်ဘူး။။ ဖြစ်သလိုပဲ ကုနေရတယ်။ ဘာဆေးမှ မရှိဘူး။ နာတဲ့အချိန်နာပြီး ပျောက်တဲ့အချိန် ပျောက်ပေါ့”ဟု ဆရာမဒေါ်ဘောက်တောင်မှ အခက်အခဲကို ပြောသည်။
လွန်ခဲ့သည့် နှစ်များက အောင်မြင်သာ တိုက်နယ်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ တစ်ခေါက် လာရောက် ကြည့်ရှုပေးပြီး နောက်ပိုင်း မည်သည့်ကျန်းမာရေး အဖွဲ့အစည်းမှ လာရောက်မှု မရှိတော့ခြင်းကြောင့် တစ်လတစ်ကြိမ် လာရောက်ကြည့်ရှု ပေးစေလိုကြောင်း တောင်းဆိုသည်။
“တစ်လမှာ တစ်ခါတော့ အနည်းဆုံးကြည့်ပေးစေချင်တယ်။ တစ်နှစ်မှာ တစ်ခါပဲ ကြည့်တော့ သူတို့လာတဲ့အချိန် ကျန်းမာနေရင် ဘာမှ မထူးဘူး။ ဆေးအနည်းအကျဉ်းတော့ ရှိပေမယ့် လူနာမပြဘဲ ဆေးညွှန်းတယ်ဆိုတော့ သိပ်မသေချာဘူး”ဟု အထက်ပါ ဆရာမမှက ပြောသည်။
လမုန်ဇွပ် မျက်မမြင်ရိပ်သာတွင် လက်ရှိ လူဦးရေ(၂၀)ကျော်ရှိပြီး ဉာဏ်ရည်မမီသော မိဘမဲ့ သက်ကြီးမျက်မမြင် ခိုကိုးရာမဲ့သူများ၊ မည်သည့် ပညာရပ်ကိုမှ သင်ကြား၍ မရသော ကျောင်းသူ/သားများကို ပြုစုစောင့်ရှောက် ပေးနေသည့် ရိပ်သာတစ်ခု ဖြစ်ကြောင်းလည်း သိရသည်။
Ann/Benadeth







