KIA သိမ်းပိုက်ထိန်းချုပ်တဲ့ နမ့်ဖတ်ကာဒေသက ကျောင်း ၆ ကျောင်းကို KIO ကျောင်းတွေအဖြစ် ဇွန်လ ပထမအပတ်ကနေ စတင်ဖွင့်လှစ်မယ်

229

 

မေ၊၃၀

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကနေ သိမ်းပိုက်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဖတ်ကာဒေသက ကျောင်းတွေကို KIO ကျောင်းတွေအဖြစ် ဇွန်လပထမအပတ်ကနေ ဖွင့်လှစ်သွားတော့မှာ ဖြစ်တယ်လို့ တာဝန်ရှိသူတွေဆီက သိရပါတယ်။

ကျောင်းအပ်လက်ခံတာကို ဒီကနေ့ မေလ ၃၀ ရက်နေ့ကနေ စတင်နေပြီဖြစ်ပြီး နမ့်ဖတ်ကာဒေသက ကျောင်း ၆ ကျောင်းကို KIO ကျောင်းအဖြစ် လာမယ့်အပတ်အတွင်း ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ နမ့်ဖတ်ကာ ပညာရေးကော်မတီ တာဝန်ရှိသူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ရက်နေ့ကနေတော့ တောက်လျှောက် ဖွင့်ရင်းနဲ့ပေါ့နော်။ ကျွန်တော်တို့ ကျောင်းလခ ကောက်ခံတာမရှိပါဘူး။ ကျောင်းကနေ ကောက်ခံတာက ကျောင်းဝင်ကြေးပဲ ကောက်ခံပါတယ်။ လို့ အထက်ပါတာဝန်ရှိသူက ဆိုပါတယ်။

နမ့်ဖတ်ကာဒေသမှာရှိတဲ့ ကျောင်း ၉ ကျောင်းထဲက စစ်တပ်ဝင်းမှာရှိတဲ့ မူလတန်းကျောင်း တစ်ကျောင်းကတော့ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်ဆဲဖြစ်တာကြောင့် အခုနှစ် ဖွင့်လှစ်နိုင်တာ မရှိသေးဘူးလို့ဆိုပါတယ်။ ဒါ့အပြင် ကျောင်း ၂ ကျောင်းမှာလည်း တအာန်း TLEC ပညာရေးသင်ကြားဖို့ စီစဉ်နေတာရှိတယ်လို့ သိရပါတယ်။

နမ့်ဖတ်ကာ အထက်တန်းကျောင်းမှာ အရင်နှစ်က ကျောင်းသူကျောင်းသား တစ်ထောင်ကျော်ရှိခဲ့ပြီး တခြား မူလတန်းကျောင်းတွေက ကျောင်းသားတွေနဲ့ပေါင်းရင် နမ့်ဖတ်ကာဒေသမှာ စုစုပေါင်း ကျောင်းသူကျောင်းသာ ၂ ထောင်ကျော် ရှိခဲ့တယ်လို့ သိရပါတယ်။

ဒီနှစ်မှာတော့ နမ့်ဖတ်ကာဒေသတစ်ဝိုက်မှာ ကျောင်းဖွင့်တဲ့ အခြေအနေရှိတာကြောင့် အခုနှစ် ကျောင်းသားအရေအတွက် ပိုများလာနိုင်တယ်လို့ နမ့်ဖတ်ကာ ရပ်မိရပ်ဖတစ်ဦးကလည်း အခုလို ပြောပါတယ်။

ပိုများလာမယ့် အနေအထားတော့ရှိတယ်။ ဘာကြောင့်ဆို ကိုဗစ်ကနေ တိုက်ပွဲဖြစ် ကတည်းကရော ကျောင်းသေချာမဖွင့်နိုင်တာ နှစ် နှစ်ရှိလာပြီဆိုတော့ ကျွန်တော်တို့လည်း နေရာတွေတော့ သေချာပြင်ဆင်ထားပါတယ်။

သင်ကြားပေးမယ့် ဆရာ၊ဆရာမတွေကိုတော့ နမ့်ဖတ်ကာဒေသက CDM ဆရာ၊ဆရာမ တွေကို ဦးစားပေး ခန့်အပ်ထားသလို လက်ရှိ ဖွင့်လှစ်သွားမယ့် ကျောင်း ၆ ကျောင်းအတွက် ဆရာ၊ဆရာမ အင်အား ၆၄ ဦး ခန့်အပ်ထားတယ်လို့ ဆိုပါတယ်။

ကျောင်းပိုင်းဆိုင်ရာအတွက် KIO က အဓိကပံ့ပိုးပေးထားတာဖြစ်ပြီး စီမံခန့်ခွဲမှုတွေကိုတော့ အုပ်ချုပ်ရေးပိုင်းနဲ့ ပညာရေးကြီးကြပ်ကော်မတီကနေ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

KIO အနေနဲ့လည်း သူတို့ သိမ်းပိုက်ထိန်းချုပ်ထားနိုင်တဲ့ နေရာဒေသက ကျောင်းတွေကို KIO ကျောင်းတွေအနေနဲ့ ဖွင့်လှစ်သွားဖို့ ဆောင်ရွက်မှုတွေရှိနေတယ်လို့ KIO/KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မေလထဲမှာပဲ မြစ်ကြီးနားသတင်းဂျာနယ်ကို ဖြေကြား ထားပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA က နမ့်ဖတ်ကာဒေသကို အခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့က သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့တာပါ။ တိုက်ပွဲဖြစ်ပွားတဲ့ကာလအတွင်း စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးနဲ့ လေယာဉ်ဗုံးတွေကြောင့် နမ့်ဖတ်ကာဒေသက နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့သလို ကျောင်းဆောင်တွေလည်း ထိခိုက်ပျက်စီးမှုရှိခဲ့ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here