ဧပြီ- ၄
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ တန်ဂျာကျေးရွာအနီးတွင် ယမန်နေ့ (ဧပြီလ ၃ရက်နေ့) ညနေပိုင်းက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်စခန်းအနီးသို့ စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်လာခြင်းကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲပိုမိုပြင်းထန်လာမည့် အခြေအနေ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီဘက်မှ စစ်အင်အား အများအပြားတိုးချဲ့လျက်ရှိနေပြီး တိုက်ပွဲပြင်းထန်လာမည်ကို ဒေသခံများစိုးရိမ်နေကြခြင်းဖြစ်သည်။
“တိုက်ပွဲက မနေ့ညနေပိုင်း (၂)နာရီလောက် တန်ဂျာကျေးရွာအနားမှာဖြစ်တာ။ KIA တွေရဲ့ စခန်းနားကို စစ်ကောင်စီတပ်တွေ ကပ်လာလို့ KIA ဘက်ကနေ ခုခံတိုက်ခိုက်ခဲ့ရင်း နှစ်ဖက်တိုက်ပွဲဖြစ်တဲ့ အခြေအနေပေါ့။ တိုက်ပွဲဖြစ်တဲ့ အချိန်က သိပ်မကြာပါဘူး။ဒါပေမဲ့ စစ်တပ်ဘက်က စစ်အင်အား အရမ်းတိုးချဲ့နေတာဆိုတော့တိုက်ပွဲတော်တော်လေးပြင်းထန်လာနိုင်တယ်”ဟု သတင်းရင်းမြစ်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကိုပြောသည်။
တန်ဂျာကျေးရွာသည် ဖေဖော်ဝါရီလအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် လုံရှာယာန်ကျေးရွာနှင့် လေးမိုင်ခန့်သာ ကွာဝေးကြောင်းလည်း သိရသည်။
ပူတာအိုမြို့နယ်၊ လုံရှာယန်၊ ဆွမ်ပီယန်၊ အစရှိသည့် ကျေးရွာများက စစ်ကောင်စီ၏ တပ်စခန်းများကို ဖေဖော်ဝါရီလ(၁) ရက်နေ့က ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်အပြင် စစ်ကောင်စီမှ လေကြောင်းအကူအညီဖြင့်ပါ တိုက်ခိုက်ခဲ့သောကြောင့် ဒေသခံများအနေဖြင့် နီးစပ်ရာ တောတောင်များနှင့် ဆွေမျိုးများထံ ထွက်ပြေးခိုလှုံခဲ့ကြရပြီး ယခုအချိန်တွင် ပြန်လည်နေထိုင်နေကြပြီ ဖြစ်ကြောင်းလည်း သိရသည်။







