ငြိမ်းချမ်းရေးကို တိုက်ပွဲအတွင်း ရှာဖွေတာမျိုးမလုပ်ဘဲ ရရှိထားတဲ့အခွင့်အာဏာကို တိုင်းပြည် ငြိမ်းချမ်းရေးအတွက်သာ အကျိုးပြုလုပ်ဆောင်သွားဖို့ စစ်ကောင်စီကို ဗိုလ်ချုပ်ကြီးအင်ဘန်လ တိုက်တွန်း

36

ဖေဖော်ဝါရီ၊ ၅

ငြိမ်းချမ်းရေးကို တိုက်ပွဲအတွင်းရှာဖွေတာမျိုးမလုပ်ဘဲ၊ မိမိရရှိထားတဲ့အခွင့်အာဏာကို တိုင်းပြည် ငြိမ်းချမ်းရေးအတွက်သာ အကျိုးပြုလုပ်ဆောင်သွားပါလို့ စစ်ကောင်စီ (SAC) ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အဖွဲ့ဝင်တွေကို ဒီကနေ့ကျရောက်တဲ့ (၆၄) နှစ်မြောက်ကချင်တော်လှန်ရေးနေ့မှာ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO/KIA) ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက တိုက်တွန်းလိုက်ပါတယ်။

လက်ရှိလက်နက်ကိုင်တော်လှန်နေတဲ့ အဖွဲ့တွေအနေနဲ့လည်း စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်နိုင်ရေးဟာ အရေးအကြီးဆုံးဖြစ်တဲ့အတွက် အချင်းချင်းကူညီရိုင်ပင်းကြဖို့သာမက အချင်းချင်းပြဿနာတွေ မဖြစ်ပွားဖို့ အားလုံးသတိရှိဖို့လည်း တိုက်တွန်းထားပါတယ်။

ဒါ့အပြင် နိုင်ငံရေးဆွေးနွေးပွဲမှာ ဆွေးနွေးညှိနှိုင်းရမယ့် ကိစ္စရပ်တွေကို အချိန်မတိုင်ခင် ရှေ့တန်းတင် ဖြေရှင်းယူတာမျိုးတွေ မလုပ်မိကြဖို့အတွက်လည်း သိပေးပါတယ်။

မြန်မာနိုင်ငံအတွင်းက နိုင်ငံရေးပါတီတွေကိုကြည့်ရင် ပြည်သူလူထုအတွက် ရပ်တည်ပေးတဲ့ပါတီနဲ့ စစ်ကောင်စီဘက်က ရပ်တည်ပြီး စစ်အာဏာရှင်စနစ်ကို တည်မြဲအောင်လုပ်ဆောင်လိုတဲ့ ပါတီဆိုပြီး နှစ်မျိုးရှိတာရှင်းလင်းစွာတွေ့ရှိရတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးပါတီအဖွဲ့တွေအားလုံး ပြည်သူလူထုဘက်ရပ်တည်ပြီး ပြည်သူလူထုအကျိုးကို ဦးစားပေးထမ်းဆောင်တဲ့ ပါတီတွေဖြစ်ဖို့ ခိုင်မာတဲ့စိတ်ဓာတ်နဲ့ ရပ်တည်ဖို့၊ စစ်အာဏာရှင်စနစ်နဲ့အတူ ကျဆုံးသွားတဲ့ပါတီတွေ မဖြစ်ဖို့ကိုလည်း အကြံပြုတိုက်တွန်းလိုတယ်လို့လည်း ဗိုလ်ချုပ်ကြီးအင်ဘန်လက ဆိုပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA)က တပ်မိသားစုဝင်တွေအနေနဲ့လည်း တော်လှန်ရေးကာလ ၆၄ နှစ်တိုင်အောင် ရင်းနှီးခဲ့တဲ့ ရင်းနှီးမှုဟာ ကြီးမာလွန်းလှပြီး မိမိသားသမီးတွေ ဒုက္ခတွင်းထဲက လွတ်မြောက်နိုင်ဖို့အတွက် ကြိုးစားနေတာကို သတိရပြီးတော့ စိတ်ဓာတ်ခိုင်မာစွာထားရှိဖို့လည်း တိုက်တွန်ထားပါတယ်။

တော်လှန်ရေးကာလဟာ အချိန်ဘယ်လောက်မှ မကြာတော့ဘူးလို့ ဗိုလ်ချုပ်ကြီးအနေနဲ့ ယုံကြည်တာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ ဘုရားသခင်ထံမှာ ဆုတောင်းဆက်ကပ်ပြီး စိတ်ဓာတ်ခွန်အားယူကာ ဆက်လက်တောင့်ခံကြဖို့လည်း ဆိုပါတယ်။

၆၄ နှစ်ဆိုတဲ့ တော်လှန်ရေးကာလတစ်လျှောက် အသက်အသေခံတိုက်ပွဲဝင်ခဲ့သူတွေနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း အဆုံးရှုံးခံ တိုက်ပွဲဝင်ခဲ့တဲ့ KIO/KIA တပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးညီနောင် အဖွဲ့ဝင်တွေ၊ ပြည်သူလူထု အားလုံးကို ချစ်ခင်လေးစားသောစိတ်နဲ့ဆိုပြီး ဗိုလ်ချုပ်အင်ဘန်လက ဂုဏ်ပြုထားပါသေးတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) အနေနဲ့ မိမိသားသမီးမျိုးဆက်လက်ထက်မှာ စစ်ရေးမဟုတ်ဘဲ စစ်မှန်ခိုင်မြဲတဲ့ ထာဝရငြိမ်းချမ်းရေးကို လွဲပြောင်းပေးအပ်နိုင်ဖို့အတွက် အစဉ်ကြိုးစား အားထုတ်လျက်ရှိနေကြောင်းနဲ့ ပြည်သူအားလုံးလည်း အတူတကွ ပူးပေါင်းပါဝင်ကြဖို့ကိုလည်း တဆက်တည်းပြောကြားပါတယ်။

အာဏာရှင်ဆန်ဆန် ဖိနှိပ်ခံထားရတဲ့ ဘဝကနေလွှတ်မြောက်ဖို့နဲ့ နိုင်ငံရေးကို တရားမျှတမှုနဲ့ ရယူဖို့အတွက် လွန်ခဲ့တဲ့ ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ KIO/KIA ကိုဖွဲ့စည်းပြီး လက်နက်တော်လှန်ရေးကို စတင်ခဲ့တာဖြစ်ပါတယ်။

၁၉၉၄ ခုနှစ်၊ ဗိုလ်ချုပ်ခင်ညွန့်လက်ထက်မှာ အပစ်ခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုခဲ့ပေမဲ့ ၁၇ နှစ်အကြာ ၂၀၁၁ ခုနှစ် ဇွန်လ မှာ ၉ ရက်နေ့မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာခဲ့တာ ဒီကနေ့အချိန်ထိဖြစ်ပါတယ်။

ဒါ့အပြင်၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းယူလိုက်တဲ့အတွက် တိုင်းပြည်အတွင်းက နေရာအနှံအပြားမှာ တိုက်ပွဲတွေဖြစ်ပွားလာခဲ့ရပါတယ်။

အာဏာသိမ်း ၄ နှစ်ကြာလာတဲ့အချိန်မှာတော့ စစ်ကောင်စီအနေနဲ့ တစ်နိုင်ငံလုံးက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဆင်နွှဲနေရပြီး မြန်မာနိုင်ငံရဲ့ နေရာတော်တော်များများကို လက်လွှတ်ဆုံးရှုံးထားရတဲ့အပြင် တိုင်းစစ်ဌာနချုပ် ၂ ခုကိုလည်း လက်လွှတ်ထားရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here