ဒီဇင်ဘာ၊ ၁၄
အာဏာလက်လွှတ်ဖို့ လက်တစ်လုံးအလိုကိုရောက်နေတဲ့ စစ်ကောင်စီဟာ တိုက်ပွဲနဲ့မသက်ဆိုင်တဲ့ အရပ်သားပြည်သူတွေကို အဓိကထားတိုက်ခိုက်နေတယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ဒီနေ့မနက်(ဒီဇင်ဘာ ၁၃ ရက် ည) မှာ ထုတ်ပြန်လိုက်ပါတယ်။
ဒါ့အပြင် လူနေအိမ်တွေ၊ စေတီပုထိုးတွေ၊ ဘုရားကျောင်းကန်တွေကို အဓိကထား တိုက်ခိုက်နေတာကိုလည်း အခုရက်ပိုင်းဆက်တိုက်တွေ့မြင်နေရတယ်လို့ ညီနောင် ၃ ဖွဲ့က ပြောပါတယ်။
စစ်ဆင်ရေး ၄၈ ရက်တာကာလထဲ စစ်ကောင်စီရဲ့ ဗျူဟာကုန်းတွေ၊ စခန်းတွေကို အများအပြား တိုက်ခိုက်ခဲ့တာကြောင့် လက်နက်ကြီးပစ်ခတ်မှုဟာ အတိုင်းအတာတစ်ခု လျော့သွားပေမဲ့ ကျန်တဲ့စခန်းတွေကို ဆက်လက်ရှင်းလင်းဖို့ လိုသေးတယ်လို့လည်း ညီနောင် ၃ ဖွဲ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်တပ်က လေကြောင်းအားကိုးနဲ့ ပြည်သူတွေကို မိုက်ရူးရဲပြီး တိုက်ခိုက်နေတာကြောင့်လည်း ထိခိုက်သေဆုံးတဲ့ ပြည်သူအရေအတွက်ဟာ ဆက်မြင့်တက်နေတယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၁၁ ရက်နေ့မှာ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက တရုတ်နိုင်ငံရဲ့အကူအညီနဲ့ စစ်တပ်ဟာ MNDAA၊ TNLA၊ AA တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ပြောဆိုမှုအပြီး ညီနောင် ၃ ဖွဲ့ဟာ မြန်မာပြည်သူတွေနဲ့ လက်တွဲသွားမယ်ဆိုပြီး ဆက်တိုက်ထုတ်ပြန်ခဲ့တာပါ။
ဒီဇင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းမှာ စစ်တပ်ကအဲဒီပြောဆိုမှုအပြီး ညီနောင် ၃ ဖွဲ့က အဲဒီညပိုင်းမှာပဲ စစ်အာဏာရှင်အမြစ်ပြတ်ရေးအတွက် မရပ်မနားဘဲ အရှိန်အဟုန်မြင့် ကြိုးပမ်းနေတယ်လို့ ထုတ်ပြန်ခဲ့သလို ဒီဇင်ဘာလ ၁၂ ရက်နေ့မှာလည်း ဘုံရည်မှန်းချက်ပြည့်ဝတဲ့အထိ လူထုနဲ့လက်တွဲသွားမယ်လို့ဆိုပြီး ဒီနေ့မနက်ထုတ်ပြန်ချက်မှာလည်း စစ်တပ်စခန်းတွေကို ဆက်ရှင်းလင်းဖို့လိုတယ်လို့ ထုတ်ပြန်ခဲ့တာပါ။
အခုအချိန်မှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်အနှံ့အပြားမှာ စစ်တပ်က လက်နက်ကြီးနဲ့သာမက လေကြောင်းနဲ့ပါ အပြင်းအထန်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။







