တာလောကြီးရွာအတွင်းက ပြည်သူ့စစ်တပ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်

271
ဓါတ်ပုံ- ရှေ့တန်းတစ်နေရာက KIA တပ်သားအချို့။ (ပုံဟောင်းဖြစ်ပါသည်)

 

ဒီဇင်ဘာ၊၁၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ တာလောကြီးရွာအတွင်းက ပြည်သူ့စစ် တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ကနေ ဒီကနေ့မနက် (၄)နာရီလောက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကနေဦး သတင်းရရှိပါတယ်။

တာလောကြီးဒေသခံ ပြည်သူတစ်ဦးရဲ့ ပြောပြချက်အရ ဒီကနေ့မနက် အစောပိုင်း ပြည်သူ့စစ် စခန်းသိမ်းခံရပြီးနောက် စစ်ကောင်စီဘက်က လေယာဉ် ၂ စင်းနဲ့ လာရောက် ပစ်ခတ်မှုပါ ရှိခဲ့တယ်လို့ သိရပါတယ်။

“မနက်စောပိုင်း ၄ နာရီမှာ သိမ်းလိုက်ပြီ။ ပြည်သူ့စစ် စစ်သားတွေရော တချို့ ပါသွားတယ် ပြောတယ်။ ပြီးတော့ နောက်ထပ် စခန်းတစ်ခုလည်း တိုက်ခိုက်ခံရတယ် ပြောတယ်”လို့ ဒေသခံက ပြောပါတယ်။

အထက်ပါ ဒေသခံရဲ့ ပြောပြချက်အရ ပြည်သူ့စစ် စစ်သားအချို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတဲ့အပြင် လက်နက်ပစ္စည်းအချို့ပါ သိမ်းဆည်းရမိတယ်လို့ သိရပေမဲ့ မြစ်ကြီးနားသတင်းအနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

စခန်းသိမ်းခံပြီးနောက် တာလောကြီးအနီးအနားတစ်ဝိုက် ဒီကနေ့မနက် ၁၀ နာရီလောက်အထိ လက်နက်ကြီး ပစ်ခတ်သံတွေ ကြားနေရတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ဒီကနေ့မနက် ၁၁ နာရီလောက်မှာတော့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA)ဌာနချုပ်အနီးတစ်ဝိုက်က စစ်ကောင်စီအထိုင်တပ်စခန်းကြီးတွေဖြစ်တဲ့ ခယာ‌တောင်၊ ဘွမ်ရေတောင်ကနေလည်း လက်နက်ကြီး ၇ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တဲ့အပြင် မိုင်ဂျာယာန်မြို့အနီးက စစ်ကောင်စီတပ်ခန်းတွေကပါ လက်နက်ကြီးပစ်ခတ်မှု ရှိခဲ့တယ်လို့လည်း သိရပါတယ်။

ဒီသတင်းတွေနဲ့ပတ်သက်ပြီး အကြောင်းစုံသိရဖို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) ပြန်ကြားတာဝန်ခံဆီ ဆက်သွယ်နေဆဲဖြစ်ပြီး အခုအချိန်ထိတော့ အဆက်အသွယ်မရရှိသေးပါဘူး။

တာလောကြီးကျေးရွာဟာ မြစ်ကြီးနားမြို့နယ်အတွင်းမှာပါဝင်ပြီး ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ရွာအောက်ဘက်မှာ တည်ရှိပြီးတော့ ဒေသခံတွေဟာ ဧရာဝတီမြစ်ကို မှီခိုပြီး စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြတာ ဖြစ်ပါတယ်။

ဓါတ်ပုံ- ရှေ့တန်းတစ်နေရာက KIA တပ်သားအချို့။ (ပုံဟောင်းဖြစ်ပါသည်)

 

LEAVE A REPLY

Please enter your comment!
Please enter your name here