ရှမ်းမြောက်မှာ ပဋိပက္ခတွေ သိသိသာသာလျော့လာတယ်လို့ တရုတ်ပြော၊ တိုက်ပွဲနဲ့မသက်ဆိုင်တဲ့ နေရာတွေကို စစ်ကောင်စီက ပိုမိုတိုက်ခိုက်နေတယ်လို့ ညီနောင် ၃ ဖွဲ့ဆို

256

 

ဒီဇင်ဘာ၊ ၁၅

ရှမ်းမြောက်မှာဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ယာယီအပစ်အခတ်ရပ်စဲဖို့ သဘောတူညီချက်ရရှိထားတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။

ဒီဇင်ဘာ ၁၄ ရက်နေ့က တရုတ်နိုင်ငံမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mao Ning က ပြောဆိုခဲ့တာကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက မြန်မာဘာသာနဲ့ ပြန်လည်ဖော်ပြထားတာဖြစ်ပါတယ်။

“ယာယီအပစ်အခတ်ရပ်စဲ၍ ဆွေးနွေးမှုထိန်းသိမ်းထားရန် စသည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သဘောတူညီချက်ရရှိခဲ့ကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံမြောက်ပိုင်း၌ ပဋိပက္ခဖြစ်ပွားမှုများ သိသိသာသာလျော့နည်းလာကြောင်း” လို့ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ပြောခွင့်ရပုဂ္ဂိုလ်ကပြောတယ်ဆိုပြီး ဖော်ပြထားတာပါ။

တရုတ်နိုင်ငံဘက်က အဲဒီလိုပြောဆိုလိုက်ပေမဲ့ ကိုးကန့်ဒေသကလွဲလို့ ဒီရက်ပိုင်းထဲ ရှမ်းမြောက်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ နမ့်ခမ်းမြို့ကိုပါ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပါတယ်။

ဒါ့အပြင် ညီနောင် ၃ ဖွဲ့ဘက်ကလည်း မနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ ညပိုင်းထိ ထုတ်ပြန်ချက်မှာ လက်နက်ချအညံ့မခံတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ထွက်ပြေးနေတဲ့သူတွေကို ဆက်လက်တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံဘက်ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ ဘက်အသီးသီးကရထားတဲ့ သဘောတူညီချက်တွေကို အရှိန့်မြှင့်အကောင်အထည်ဖော်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းအခြေအနေကို အဆင်ပြေချောမွေ့အောင် ဖြေရှင်းနိုင်ဖို့အတွက် အတူတကွဖော်ဆောင်ဖို့ မျှော်လင့်တယ်လို့လည်း တရုတ်ပြောခွင့်ရပုဂ္ဂိုလ်က ပြောထားပါတယ်။

ဒါပေမဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ပြောဆိုမှုအပြီး ရှမ်းမြောက်ဒေသကို စစ်တပ်က လက်နက်ကြီးတွေအပြင် လေကြောင်းကနေပါ အပြင်းအထန် တိုက်ခိုက်နေပါတယ်။

“စစ်ရေးလှုပ်ရှားရာနေရာများကို တိုက်ခိုက်ခြင်းထက် တိုက်ပွဲနှင့်မသက်ဆိုင်သော အရပ်သားပြည်သူများ၊ လူနေအိမ်များ၊ စေတီပုထိုး၊ ဘုရားကျောင်းကန်များကို အဓိကထားပစ်မှတ်ထားတိုက်ခိုက်ခြင်းများကို ယခုရက်များတွင် ဆက်တိုက် တွေ့မြင်နေရသည်” လို့လည်း ညီနောင် ၃ ဖွဲ့က ဒီဇင်ဘာ ၁၄ ရက်နေ့ မနက်အစောပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့က စစ်ဘေးရှောင် ၂၆၀ ကျော်ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းကို စစ်တပ်က ဂျက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) ရဲ့ ထုတ်ပြန်ချက်အရ သိရသည်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here