မတ် ၁၈
ခန်ယာန်ကျေးရွာရှိ တောင်များပေါ်တွင် တောင်သူများစိုက်ပျိုးထားသော နှစ်ရှည်ပင်များနှင့်ဝါးရုံပင်များကို ဦးလယောက်အောင်ဖန်နှင့် ဦးဖောင်ဂျေခါးတို့မှ တရုတ်ငှက်ပျောကုမ်္ပဏီကို ငှားရမ်းရန်အတွက် ခုတ်ထွင်းရှင်းလင်းနေခြင်းကိုရပ်နား၍ ခုတ်လှဲလိုက်သည့်အပင်၏နစ်နာကြေးများကို ကာလပေါက်ဈေးအတိုင်းပေးစေလိုကြောင်း တောင်သူများက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
အဆိုပါတောင်ပေါ်တွင် တောင်သူများမှ နှစ်ရှည်ပင်များစိုက်ပျိုးထားသည့်အပြင် နှစ်စဉ်ပျိုးကျဲခြင်းနှင့် ကျွဲ၊ နွားစားကျက်မြေ အဖြစ်ချန်လှပ်ထားနေရာဖြစ်သည့်အတွက် စတင်ခုတ်လှဲစဉ်ကစပြီး တောင်သူများက တားဆီးခဲ့သော်လည်း ဆက်လက်လုပ်ဆောင်နေသည့်အတွက် သက်ဆိုင်ရာအစိုးရအဖွဲ့မှ တားဆီးပေးစေလိုကြောင်း ပြည်နယ်ဝန်ကြီးချုပ်ထံ မတ်လ ၁၂ ရက်ကစာတင်ထားကြောင်း သိရသည်။
“ကျွန်တော်တို့ ဘိုးဘွား လက်ထက်ကတည်းက အဆင့်ဆင့်လုပ်ကိုင်လာခဲ့တဲ့ လယ်ယာမြေတွေဖြစ်တဲ့အတွက် ဘယ်ကုမ်္ပဏီမှဝင်လာမှာကိုလည်း မလိုချင်ပါဘူး။ ကုမ္ပဏီတွေဝင်လာပြီဆိုရင် ရွာထဲမှာမလိုလားအပ်တဲ့ ပြဿနာပေါင်းစုံကြုံ ရတော့မှာဖြစ်လို့”ဟု ခန်ယာန်ကျေးရွာမှ တောင်သူအမျိုးသားတစ်ဦး ပြောသည်။
ထို့အပြင် ဘန်ဆောင်လယ်ကွင်း ရေအရင်းအမြစ်ဖြစ်သော ဘန်ဆောင်ချောင်းဖျားနှင့် ကင်းဒေါင်ချောင်းဖျား တစ်ဝိုက်တွင် ငှက်ပျောစိုက်ပျိုးရန်အတွက် ဦးလယောက်အောင်ဖန်း မှ တစ်ဆင့် တရုတ်ကုမ္ပဏီကို မြေငှားရမ်းလိုက်ပြီး ဇန်န၀ါရီလ ၂၀ ရက်မှစတင်ခုတ်ထွင်ရှင်းလင်းနေရာ ယခုအချိန်တွင် အားလုံးပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

ယင်းဒေသခံ တောင်သူများသည် ၁၉၃၀ ခုနှစ်မှစ၍ လယ်ယာလုပ်ငန်းများ လုပ်ကိုင်နေထိုင်ခဲ့ရာ ၁၉၆၂ ခုနှစ်တွင် နိုင်ငံရေးအခြေအနေရ ရွာပျက်ခဲ့ရပြီး ၁၉၉၅ ခုနှစ်ပြည်သူများ ရွာပြန်လည်တည်ထောင်ကာ အဆိုပါလယ်ယာနှင့် တောင်ယာလုပ်ငန်းများဖြင့် အခြေချနေထိုင်ခဲ့သည်မှာ ယခုအချိန်ထိဖြစ်ကြောင်းရွာသားများက ပြောသည်။
ယင်းဧရိယာအတွင်းသို့ ငှက်ပျောစိုက်ခင်းများ ၀င်ရောက်လာပါက ဒေသခံများမလိုလားသည့် ကျွဲ၊ နွား တိရိစ္ဆာန် သေဆုံးခြင်း၊ ရေဝေရေလဲချောင်းဖျားပျက်စီးပြီး ရေမြေများ ခမ်းခြောက်ခြင်းတို့ကြောင့် တောင်သူများလုပ်ကိုင်သည့် လယ်ယာမြေများနှင့် စိုက်ပျိုးမြေများပျက်စီးခြင်းများ ဖြစ်ပေါ်လာမည်ကို တောင်သူများစိုးရိမ် နေကြသည့်အတွက် ကုမ္ပဏီဝင်ရောက်လာမည်ကိုလည်း အလိုမရှိကြောင်း တောင်သူများက ပြောသည်။
“ဒီနေ့အထိ ကျွန်တော်တို့ သိရသလောက်တောင် ကျွဲနဲ့နွားသေတာ ၁၀ ကောင်လောက်ရှိနေပြီ။ ဘာကြောင့်သေသလဲဆိုတာတော့ စဉ်းစားရခက်တယ်။ အရင်တုန်းကတော့ ကျွဲ၊နွားတွေ အဲဒီလိုမသေဘူး။ အခုငှက်ပျောခြံ ရှိကတည်းက ဆက်တိုက်လိုလို သေနေတယ်။ အစိုးရဆီက ပုံစံ(၇)တောင် ရထားပြီးသားမြေမှာ လုပ်ကိုင်နေတဲ့တောင်သူတွေနေရာကို ငှက်ပျောကုမ်္ပဏီ ၀င်ဖို့လုပ်နေတာကို ရပ်တန်းကရပ်ပေးစေလိုပါတယ်။ ဘယ်သောအခါမှ ဘယ်ကုမ်္ပဏီမှ ၀င်ရောက်တာကို အလိုမရှိပါဘူး”ဟု ခန်ယာန်ကျေးရွာမှ တောင်သူအမျိုးသားတစ်ဦးက ပြောသည်။
နစ်နာဆုံးရှုံးခဲ့သည့် တောင်သူများကို ဦးလယောက်အောင်ဖန်သည် ကျွန်းပင်တစ်ပင်အတွက် ၅၀၀ ကျပ်နှုန်းဖြင့် လျော်ကြေးပေးခြင်း၊ မြေ ၁၀ ဧကအတွက် ၅ နှစ်စာသိန်း ၂၀ ပေးခဲ့ခြင်းအပေါ်တောင်သူများက ကျေနပ်မှုမရှိကြောင်းပြောသည်။
အဆိုပါတောင်များပေါ်တွင် ယင်းကျေးရွာအနီးရှိ နောင်ချိန်း၊ ဂွေထု၊ ဘန်ဆောင်ဒုံ၊ ခန်ယာန်စသည့် ကျေးရွာများမှပြည်သူများမှ ကျွန်းသစ်၊ ပျဉ်းကတိုး၊ ရေမနေ စရှိသည့်နှစ်ရှည်ပင်များ တညှင်းပင်၊ ကြက်မောက် စသည့်သီးနှံပင်များနှင့် အပင်လုံးရေ ၁၀၀၀ ကျော်ရှိသည့် ၀ါးရုံတော ၅၀၀ ခန့်ကို ခုတ်ထွင်ရှင်းလင်းနေကြောင်း သိရသည်။
“တစ်ပင် ၅၀၀ ကျပ် ဆိုတာပျိုးပင် တစ်ပင်တစ်နှစ်စာပြုစုခတောင်မရှိဘူး။ ကျပ် ၂၀ သိန်းဆိုတာကလည်း တစ်ဧကကို တစ်နှစ် ၁၀၀၀၀ နှုန်းပဲကျတယ်။ တစ်ကယ်တောင်သူတွေအရမ်းနစ်နာတယ်။ ကျွန်းပင်က ၅ နှစ်လောက်ရှိပြီး။ ပြီးတော့ သူကလည်း သူလုပ်ဖို့အတွက် ကျွန်တော်တို့မြေတွေကိုယူတာမဟုတ်ဘူး။ ငှက်ပျောကုမ်္ပဏီတွေကိုငှားပေးဖို့ သိမ်းယူနေတာ။ ကျွန်တော်တို့ အဲဒီငှက်ပျောစိုက်ခင်းဝင်လာမှာကိုလည်း လုံးဝအလိုမရှိပါဘူး”ဟု တောင်သူ ဦးဒေါင်လွမ်းကပြောသည်။
ယင်း ကင်းဒေါင်နှင့်ဘန်ဆောင်တွင် ဒေသခံလူဦးရေ ၁၆၆ ဦးမှ မှီခိုလုပ်ကိုင်နေသည့် နိုင်ငံတော်အစိုးရမှ လုပ်ပိုင်ခွင့်ပြုလက်မှတ် လယ်ယာမြေပုံစံ(၇)ရရှိပြီးသော လယ်ဧကစုစုပေါင်း ၅၈ ဒသမ၈၆ ဧကခန့်ရှိကြောင်း သိရသည်။
တောင်သူဦးဒေါင်လွမ်း၏ လယ်နှင့် တောင်ကုန်းဧရိယာကို ၂၀၁၀ ခုနှစ်က ဦးဖောင်ရန်တူးလွမ့်က ယွန်ဂျီ(ကချင်ရိုးရာအရ)ဖြစ်သည့်အတွက် ပေးခဲ့သည့်မြေဖြစ်ပြီး ၎င်းမှ ၂၀၁၄ ခုနှစ်မှစတင်၍ လယ်ယာလုပ်ငန်း လုပ်ကိုင်ခဲ့ခြင်းဖြစ်ရာ ယခုနှစ်မှ ဦးလယောက်အောင်ဖန် ဆိုသူသည် ၎င်း၏မြေဧရိယာထဲပါသည်ဟုဆိုကာ တရုတ်ငှက်ပျောကုမ်္ပဏီကို ငှားရန်အတွက် အပင်များရှင်းလင်းနေကြောင်း ဦးဒေါင်လွမ်းကပြောသည်။
“ဦးလရောက်အောင်ဖန်က သူယူထားတဲ့ ဧရိယာထဲပါတယ်ဆိုပြီး ၀ါးရုံတွေနဲ့သစ်ပင်တွေအားလုံးကို ခုတ်နေပါတယ်။ အဲဒါကိုရပ်ဖို့ ပြောတာလုံးဝရပ်နားခြင်းမရှိပါဘူး”ဟု နောင်ချိန်းကျေးရွာမှ ခန်ယာန်ကျေးရွာတွင် လယ်ယာလာရောက်လုပ်ကိုင်သည့် တောင်သူ ဦးဒေါင်းလွမ်းကပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ဦးလယောက်အောင်ဖန်ကိုသွားရောက်မေးမြန်းရာ တစ်စုံတရာဖြေကြားခြင်း မရှိခဲ့ပါ။
မွန်းမွန်းပန်







