မိုးသီးဒဏ်ကြောင့် ပျက်စီးသွားတဲ့ စိန်ဂျိုးဇက် စစ်ရှောင်စခန်းမှာ အကူအညီတွေလိုအပ်နေ

225

 

ဒီဇင်ဘာ၊ ၁၈

မိုးသီးကြွေကျတာကြောင့် တနိုင်းမြို့အတွင်းမှာရှိတဲ့ စစ်ရှောင်စခန်းက နေအိမ်ခေါင်မိုးတွေ ပျက်စီးသွားပြီး အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ညက တနိုင်းမြို့နယ်မှာ တစ်နာရီလောက်ရွာသွန်းခဲ့တဲ့ မိုးနဲ့ မိုးသီးတွေကြောင့် ပျက်စီးကုန်တာဖြစ်တယ်လို့ တနိုင်းမြို့၊ စိန်ဂျိုးဇက် ကက်သလစ်စစ်ရှောင်စခန်းတာဝန်ခံ ဆရာနော်တောင်က ပြောပါတယ်။

“စစ်ရှောင်တွေရဲ့အိမ်၊ သွပ်အပြာနဲ့ မိုးထားတဲ့ အိမ်တန်းလျားတွေက အိပ်လို့မရတော့ဘူး။ အကုန်လုံး အပေါက်တွေဖြစ်သွားပြီ။ မိုးရွာရင်တော့ မရတော့ဘူး။ ကူညီတဲ့သူတွေလည်းမရှိဘူး။ ကျွန်တော်တို့ကအရမ်းခက်တယ်။” လို့ ဆရာနော်တောင်က ဆိုပါတယ်။

မိုးသီးဟာ ခါတိုင်းနှစ်မှာ ပုံမှန်အားဖြင့် မတ်လနဲ့ ဧပြီလပိုင်းမှာပဲ ကျလေ့ကျထရှိပြီး ကျန်တဲ့လတွေမှာ မိုးသီးကျတာမျိုး မကြုံဖူးကြောင်းနဲ့ အခုကျတဲ့မိုးသီးဟာ အချိန်ခဏလေးဆိုပေမဲ့ ကွမ်းသီးစေ့လောက်ကြီးတယ်လို့လည်း တနိုင်းဒေသခံတစ်ဦးက ပြောပါတယ်။

 

စစ်ရှောင်အိမ်တန်းလျား ၂၀ ကျော်ဟာ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်က KIA နဲ့ မြန်မာစစ်တပ်တို့ရဲ့ တစ်ကျော့ပြန်စစ်ပွဲကြောင့် စစ်ရှောင်တွေ စရောက်လာတဲ့အချိန်ကတည်းက ဆောက်လုပ်ထားတဲ့ အဆောင်တွေဖြစ်တယ်လို့ သိရပါတယ်။

အာဏာမသိမ်းခင် အရင်နှစ်တွေတုန်းကလို စစ်ရှောင်စခန်းမှာ အဖွဲ့အစည်းတွေကဖြစ်စေ၊ တစ်ဦးတစ်ယောက်ချင်းစီကဖြစ်စေ လာရောက်ကူညီတာမျိုးတွေ မရှိတော့တဲ့အတွက် မိသားစုများတဲ့ စစ်ရှောင်တွေဟာ အခက်အခဲတွေ ပိုကြုံရတယ်လို့ သိရပါတယ်။

အထက်ပါစစ်ရှောင်ရှောင်စခန်းမှာ အိမ်ထောင်စု ၁၃၃ စု၊ လူဦးရေ ၆၂၆ ယောက်နဲ့ ကျောင်းတက်နေတဲ့ ကလေးတွေ ၂၀၀ ကျော်မှီခို နေထိုင်နေတာ ဖြစ်ပါတယ်။

စစ်ရှောင်တွေရဲ့ မူရင်းကျေးရွာတွေဖြစ်တဲ့ အောင်လော့ဒ်၊ ဆွတ်အောင်နဲ့ နောင်ယန်းစတဲ့ကျေးရွာတွေဟာ အခုချိန်ထိ စစ်မြေပြင်နေရာတွေအဖြစ် သတ်မှတ်ထားဆဲ ဖြစ်တဲ့အတွက် နေရပ်ပြန်လို့မရသေးတာကြောင့် စစ်ရှောင်စခန်းမှာ ဆက်လက်နေထိုင်ကြတာပါ။

 

LEAVE A REPLY

Please enter your comment!
Please enter your name here