စစ်ရေးတင်းမာမှုတွေကြောင့် ဝိုင်းမော်- လိုင်ဇာ လမ်းပေါ်မှာရှိတဲ့ ရွှေညောင်ပင်ကျေးရွာက ဒေသခံအချို့ ရွှေ့ပြောင်း

264
ဓါတ်ပုံ- ‌ရွှေညောင်ပင်ဒေသခံအချို့ စစ်ဘေးတိမ်းရှောင်နေကြစဉ်။

ဒီဇင်ဘာ၊၁၉

ဝိုင်းမော်- လိုင်ဇာ လမ်းပေါ်က ရွှေညောင်ပင်ကျေးရွာမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပြည်သူ့စစ်စစ်သားတွေ နှစ်ဖက်စစ်ရေးတင်းမာနေတာကြောင့် ဒေသခံပြည်သူအချို့ နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဒေသခံအိမ်ခြေ ၇၀၀ ရှိတဲ့အထဲက အိမ်ခြေ ၂၀၀ ကျော်လောက်ဟာ ကျေးရွာအနီးနဲ့ အနီးဆုံးဖြစ်တဲ့ အောင်မြေ(၁)၊ အောင်မြေ(၂)ကျေးရွာနဲ့ ဝိုင်းမော်မြို့ အစရှိတဲ့ နီးစပ်ရာ ဆွေမျိုး၊ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းတွေမှာ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ အထက်ပါ ရွှေညောင်ပင်ကျေးရွာဒေသခံတစ်ဦးရဲ့ ထပ်မံပြောပြချက်အရ သိရပါတယ်။

” ရွှေညောင်ပင်မှာ ဒဘတ်ဘက်က စစ်ရှောင်လာတဲ့ အိမ်ခြေ ၁၁ ခုလည်း ရှိတယ်။ သူတို့ကိုလည်း အောင်မြေ ၂ ဘက် ရွှေ့လိုက်ပြီ။ တချို့ ရွာက မရွှေ့သေးတဲ့ သူတွေက ခုချိန်မှာ သူခိုးတွေလည်း ပေါတော့ အိမ်စောင့်တို့၊ စပါးရိတ်သိမ်း မပြီးသေးတဲ့ သူတွေလည်း ရှိနေသေးတယ်”လို့ ဒေသခံက ပြောပါတယ်။

ဒီဇင်ဘာလ ၁၅ ရက်နေ့က ရွှေညောင်ပင်ကျေးရွာကနေ တစ်မိုင်လောက်ဝေးတဲ့ ဘော်ဆာဒီးရွာဘက်က ပြည်သူ့စစ်စခန်း သိမ်းခံရပြီးနောက် နှစ်ဖက်တပ်စစ်ရေးတင်းမာလာတာဖြစ်ပြီး တစ်ဆက်တည်းမှာပဲ မနေ့က ရွှေညောင်ပင်ကျေးရွာမှာပါ ပစ်ခတ်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။

မနေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီခွဲအချိန်လောက်မှာ ရွှေညောင်ပင်ဂိတ်ကို စစ်အင်အားဖြည့်တင်းလာတဲ့ ပြည်သူ့စစ်ကား လမ်းခုလတ်မှာ KIA ရဲ့ တိုက်ခိုက်မှုကို ခံရပြီး ၁၅ မိနစ်အကြာ အပြန်အလှန် ပစ်ခတ်မှုရှိခဲ့ပြီးနောက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်လာကြတာလို့ ရွှေညောင်ပင်ဒေသခံက ဆက်လက်ပြောပါတယ်။

” ရွှေညောင်ပင်ရွာမှာတော့ နှစ်ဖက်စစ်ရေးတင်းမှုတော့ ဖြစ်နေပြီ။ မနေ့က ဖြစ်တာက တာလောကြီးလမ်း ရွှေညောင်ပင် ရပ်ကွက် ၅ မှာဖြစ်တာ။ လီဆူပြည်သူ့စစ်တွေ စစ်အင်အားဖြည့်တင်းဖို့ လာတဲ့အချိန် တိုက်ပွဲဖြစ်တာ”လို့ ဒေသခံက ဆိုပါတယ်။

ဒါ့အပြင် မနေ့ည ၈ နာရီအချိန်လောက်မှာလည်း ဆင်ဘိုကျေးရွာအရှေ့ဘက် အခြမ်းဘက် တစ်နေရာမှာ စစ်ကောင်စီကနေ လေယာဉ်နဲ့ ဗုံးလာကြဲမှုရှိခဲ့တယ်လို့ ပြောဆိုမှုရှိနေတဲ့အပေါ် မြစ်ကြီးနားသတင်းဂျာနယ်အနေနဲ့ ဆက်လက်စုံစမ်းနေဆဲလည်း ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁၇ ရက်နေ့ကလည်း ရွှေညောင်ပင်ကျေးရွာအနီးက သာပတောင်းရွာ အနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်ကနေ လေယာဉ်နဲ့ လာရောက်ပစ်ခတ်မှု ရှိခဲ့ပေမဲ့ လူထိခိုက်တာတော့ မရှိခဲ့ဘူးလို့ သာပတောင်းဒေသခံရဲ့ ပြောပြချက်အရ သိရတာပါ။

ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ဌာနချုပ်အနီးတစ်ဝိုက်က စစ်ကောင်စီအထိုင်တပ်စခန်းကြီးတွေ ဖြစ်တဲ့ ခယာ‌တောင်၊ ဘွမ်ရေတောင်ကနေလည်း တာလောကြီးရွာဘက်က ပြည်သူ့စစ် စခန်းတွေ စခန်းသိမ်းခံရပြီးနောက် လက်နက်ကြီးတွေ မကြာခဏဆိုသလို ပစ်ခတ်မှု ရှိနေတာလည်း ဖြစ်ပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here