ဒီဇင်ဘာ၊၂၅
ကချင်ပြည်နယ်၊ ကားမိုင်မြို့မှာ မနေ့မနက် ၅ နာရီခွဲလောက်က ကချင်လွတ်လပ်ရေး တပ်မတော်(KIA)ကနေ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံပြည်သူစစ်တွေရဲ့ စစ်ဆေးရေးဂိတ်ကို သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ကားမိုင်နဲ့လဝါးလမ်းဆုံမှာ ရှိတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို KIA က သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
KIA တပ်က ဆိုင်ကယ်နှစ်စီး၊လူငါးယောက်နဲ့ စစ်ကောင်စီတပ်သားတွေရှိတဲ့ဘက် လက်နက်ကြီးပစ်ခတ်ခဲ့ပြီး ပြည်သူ့စစ်တစ်ဦး လက်နက်ကျည်ထိမှန်တယ်လို့လည်း ဆိုပါတယ်။
KIA က ပစ်ခတ်ပြီးနောက် စစ်ကောင်စီ ကားမိုင်ဗျူဟာကုန်းကနေ လက်နက်ကြီးနဲ့ ၇ ကြိမ်ခန့် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
လဝါးလမ်းဆုံဘက်မှာ လက်နက်ကြီးပစ်သံတွေ ကြားရကြောင်း ကားမိုင်မြို့အနီး ကျေးရွာတစ်ရွာမှာ နေထိုင်တဲ့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်နေ့ကလည်း မြစ်ကြီးနား- ဖားကန့်လမ်းပေါ်က နန့်ယားကျေးရွာမှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA)က နှစ်ပွင့်ဗိုလ်တစ်ဦးနဲ့ တပ်သားတစ်ဦးကို အမည်မသိအဖွဲ့တစ်ဖွဲ့က ပစ်သတ်ခတ်ခဲ့ပြီး နှစ်ပွင့်ဗိုလ်ကတော့ ပစ်ခတ်ခံရတဲ့ နေရာမှာတင် သေဆုံးခဲ့ပါတယ်။







