ဒီဇင်ဘာ၊၂၅
စိတ်ဓာတ်ပျက်စီးယိုယွင်းပြီး တိုက်ရည်ခိုက်ရည် ကျဆုံးနေတဲ့ စစ်ကောင်စီဟာ စစ်မြေပြင်မှာ တော်လှန်ရေးတပ်ဖွဲ့တွေကို ယှဉ်မရဘဲ ပြည်သူလူထုကို အဓိကထားပြီး ဦးတည်တိုက်ခိုက်တဲ့ အလုပ်ကိုပဲ လုပ်ဆောင်နေတယ်လို့ ညီနောင်သုံးဖွဲ့(TNLA/AA/MNDAA)က သတင်းထုတ်ပြန်ပါတယ်။
ခရစ်စမတ်အကြိုဖြစ်တဲ့ မနေ့က ဒီဇင်ဘာလ ၂၄ ရက်နေ့ကလည်း ရင်ဆိုင်တိုက်ပွဲများ၊ ထိုးစစ်၊ ခံစစ်၊ စခန်းသိမ်းတိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေး ၅၉ ရက် မြောက်နေ့ ရောက်တဲ့အထိ အရှိန်အဟုန်မပျက်လှုပ်ရှား တိုက်ခိုက်လျက်ရှိတယ်လို့လည်း ညီနောင်သုံးဖွဲ့က ဖော်ပြပါတယ်။
ထုတ်ပြန်ချက်ထဲမှာ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့အခြေစိုက် စစ်ကောင်စီ လက်အောက်ခံတပ်တွေဖြစ်တဲ့ ခမရ (၅၄၀) နဲ့ ခမရ (၃၇၇) တပ်တွေကနေ မြောက်ဦးမြို့နဲ့ အနီးအနားက ကျေးရွာတွေကို လက်နက်ကြီးနဲ့ အကြိမ် (၁၀၀) ကျော်ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးကျည် (၁) လုံးဟာ မြောက်ဦးမြို့၊ ဆင်ချဆိပ်ရပ်ကွက်တွင်း ကျရောက်ပေါက်ကွဲပြီးတော့ အမျိူးသား (၁) ဦး သေဆုံးသွားခဲ့ရပြီး အသက် (၁၄) နှစ်အရွယ် ကလေးငယ် (၁) ဦးအပါအဝင် အမျိူးသား (၂) ဦးနဲ့ အမျိူးသမီးငယ် (၁) ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။
ဒါ့အပြင် ရွာဟောင်းတော ကျေးရွာတွင်းမှာလည်း လက်နက်ကြီးကျည် (၂) လုံး ကျရောက်ပေါက်ကွဲတာကြောင့် အသက် (၄၀) အရွယ် ဒေသခံအမျိုးသား (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
တစ်ရက်တည်းမှာပဲ မြောက်ဦးအခြေစိုက် ခမရ (၅၄၀) တပ်ရင်းကနေ အရပ်သား ပြည်သူတွေကို ဦးတည်ပြီး လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်ခဲ့ပြီး မြောက်ဦးမြို့၊ ဆင်ချဆိပ်ရပ်ကွက်မှာပဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် လမ်းသွားလမ်းလာ ဒေသခံလင်မယား (၂) ဦး သေဆုံးသွားခဲ့ပြီး အသက် (၅) နှစ်အရွယ် သမီးဖြစ်သူကတော့ ဘယ်ဘက်လက်ပြတ်ထွက်သွားတဲ့အထိ ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်လို့ ဖော်ပြထားတာပါ။
စစ်ကောင်စီဟာ မြောက်ဦးမြို့ အောင်မင်္ဂလာရပ်ကွက်၊ ကုလားကန်တောင်ပိုင်းအတွင်းသို့ လက်နက်အင်အားအပြည့်အစုံနဲ့ ဝင်ရောက်လာပြီး ဒေသခံ (၆) ဦးကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့အပြင် ဗန္ဓုလရပ်ကွက် (ကျက်ပိတ်)၊ သင်္ချိူင်းဖက်မှ ဗန္ဓုလရပ်ကွက်အတွင်းကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာပြီး ဒေသခံ (၃) ဦးကို ထပ်မံဖမ်းဆီး ခေါ်ဆောင်သွားခဲ့တယ်လို့လည်း ရေးသားထားတဲ့အပြင် ပြည်သူပိုင်နေအိမ်အတွင်းက ပစ္စည်းနဲ့ရွှေငွေတွေကိုလည်း ယူဆောင်သွားခဲ့တယ်လို့ ဖော်ပြပါတယ်။
အခုလိုစစ်ကောင်စီကနေ အရပ်သားပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်မှုတွေ ပိုများလာတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးသတိနဲ့ နေထိုင်၊ သွားလာကြဖို့ ညီနောင်သုံးဖွဲ့က သတိပေးထားပါတယ်။
မနေ့က ထုတ်ပြန်ချက်ထဲမှာတော့ ဒီဇင်ဘာလ (၂၂) ရက်နေ့က တပ်မဟာ (၃) စစ်ဒေသ ၊ ရူကော (မန်တုံ) မြို့မှာရှိတဲ့ စစ်ကောင်စီဗျုဟာမှူး အခြေချကွပ်ကဲတဲ့ ခလရ (၁၃၀) တပ်ရင်း အပါအဝင် တပ်စခန်း၊ ရဲစခန်းတွေနဲ့ ဌာနဆိုင်ရာရုံးတွေအားလုံးကို တအောင်းတပ်မတော် (TNLA) ကနေ ၄ ရက်ကြာ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး အပြီးသတ်ချေမှုန်း သိမ်းပိုက်နိုင်ခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။
ဒါဟာ ရှမ်းမြောက်ဒေသအတွင်းမှာ အလုံးစုံထိန်းချုပ်ထားနိုင်တဲ့ စတုတ္ထမြောက်မြို့ကြီးအဖြစ် ရူကော (မန်တုံ) မြို့လည်း အပါအဝင်ဖြစ်လာပြီး စစ်ကောင်စီက သူတို့စခန်းမကျစေဖို့အတွက် စံချိန်တင် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
စခန်းသိမ်းစစ်ဆင်ရေး (၄) ရက်တာအတွင်း စစ်ကောင်စီကနေ လေကြောင်းပစ်ခတ်တိုက်ခိုက်မှု စုစုပေါင်း (၂၆၅) ကြိမ်၊ ဗုံးကြဲတိုက်ခိုက်မှု (၁၀၃၈) ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု (၁၃၇) ကြိမ်တိုင်အောင် အပြင်းအထန် ပစ်ကူတိုက်ခိုက်ခဲ့ပြီး တစ်ရက်ပျမ်းမျှ လေကြောင်းတိုက်ခိုက်မှု (၆၆) ကြိမ်၊ ဗုံးကြဲတိုက်ခိုက်မှု (၂၅၉) ကြိမ်ထိ ပြုလုပ်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားတာပါ။
စံချိန်တင်လေကြောင်းတိုက်ခိုက်မှုကြောင့် ရူကော (မန်တုံ) မြို့နယ်က ဒေသခံ (၁) ဦး ဒဏ်ရာရရှိခဲ့တဲ့အပြင် ဘာသာရေးအဆောက်အဉီတွေအပါအဝင် အရပ်သားပြည်သူတွေရဲ့ နေအိမ် (၁၅) လုံး လက်နက်ကြီးကျည်နဲ့ လေယာဉ်ဗုံးစထိမှန် ပျက်စီးခဲ့ရပြီး နေအိမ် (၁) လုံး မီးလောင်ပျက်စီးခဲ့ရတယ်လို့လည်း ရေးသားထားပါတယ်။
ဓါတ်ပုံ- ရှေ့တန်းတစ်နေရာက စစ်ကောင်စီတပ်သားများ။







