ဇန်နဝါရီ၊၃
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကနေ ဒီကနေ့မနက်က ပစ်ချလိုက်တဲ့ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်မှာ ပါလာတဲ့ စစ်ကောင်စီတပ်သားတွေ သေဆုံးနေပုံတဲ့ပုံတွေဆိုပြီး လူမှုကွန်ရက် စာမျက်နှာတွေမှာ ပျံ့နှံနေပြီးတော့ သတင်းအတိအကျပို့လာတာ မရှိသေးတာကြောင့် အတည်ပြုပေးလို့ မရသေးကြောင်း KIO/KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
လူမှုကွန်ရက်မှာပျံ့နှံ့လာတဲ့ ပုံတွေနဲ့ သတင်းဌာနတွေရဲ့ ရေးသားချက်တွေမှာတော့ ရဟတ်ယာဉ်ပေါ်မှာ ပါလာတဲ့ စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးပြီးတော့ တစ်ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း တွေ့ရပြီး သေဆုံးသူအရာရှိတစ်ဦးရဲ့ ရင်ဘတ်တံဆိပ်မှာ Kaung San Thein ဆိုပြီးနာမည်ထိုးထားတာကိုလည်း တွေ့ရပါတယ်။
” ဆိုရှယ် မီဒီယာပေါ်က သတင်းတွေကိုတော့ ကျနော်ပြောလို့မရဘူး။ မဟုတ်ဘူးလို့တော့ ကျနော်မပြောဘူး။ ကျနော်တို့ကို အတည်ပြုပြောတာ မရှိတဲ့အခါကျတော့ Comfirm(အတည်ပြု) လုပ်ပေးလို့ မရဘူးဖြစ်နေတာ။ ဓါတ်ပုံတွေ တက်လာတာလည်း တွေ့ပါတယ်။ အရှင်ဖမ်းမိတယ်ဆိုတာ မကြားမိသေးပါဘူး။ အကြောင်းကြားလာတာ မရှိသေးပါဘူး။ လေယာဉ်(ရဟတ်ယာဉ်)တောင် ပြာကျကုန်တယ်ဆိုတော့ လူတွေလည်း သေသွားပြီလို့ထင်တယ်။ ကျနော်က အဲဒီလိုသုံးသပ်တယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို ဖြေကြားပါတယ်။
ဝိုင်းမော်မြို့နယ်၊ ကန်တော်ကျေးရွာအနီးက နာဖော့တောင်မှာ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တစ်စီးကို ဒီကနေ့မနက် ၁၂ နာရီ အချိန်လောက်က KIA ကနေ ပစ်ချခဲ့တာဖြစ်ပြီး ရဟတ်ယာဉ်ဟာ မီးခိုးတွေနဲ့ မြေပြင်ကို ထိုးစိုက်ကျသွားခဲ့တာ ဖြစ်ပါတယ်။
အဲဒီလိုရဟတ်ယာဉ် ပစ်ချခံရပြီးတဲ့နောက် စစ်ကောင်စီကနေ နာဖော့တောင်တစ်ဝိုက်ကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
ဓါတ်ပုံ- လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည့် ပုံများ။
 
            
