ဇန်နဝါရီ၊၅
ကိုးကန့် (လောက်ကိုင်) တစ်ခွင်လုံး စစ်ကောင်စီ ကင်းစင်တဲ့နယ်မြေ ဖြစ်ခဲ့ပြီ ဖြစ်ပြီး ဒီမြင်ကွင်းဟာ စစ်အာဏာရှင်စနစ်နိဂုံးချုပ်မယ့် အကြိုနေ့ရက်တွေ ဖြစ်တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
ဒီကနေ့ ဇန်နဝါရီလ (၅) ရက်နေ့မှာ ထောင်ချီတဲ့ တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ဒကစ (လောက်ကိုင်) တစ်ခုလုံးအပါအဝင် ပတ်ဝန်းကျင်အတွင်း ရှိသမျှသော တပ်ရင်းစခန်းအားလုံးက “ခွေးတစ်ကောင်၊ ကြောင်တစ်မြီး” ပါမကျန် လက်နက်ချအညံ့ခံခဲ့ကြတယ်လို့ ဆိုပါတယ်။
“ယနေ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်နေ့တွင် ထောင်ချီသောတပ်ဖွဲ့ဝင်များပါဝင်သည့် ဒကစ (လောက်ကိုင်) တစ်ခုလုံးအပါအဝင် ၎င်းပတ်ဝန်းကျင်အတွင်း ရှိသမျှသော တပ်ရင်းစခန်းအားလုံးတို့မှ “ခွေးတစ်ကောင်၊ ကြောင်တစ်မြီး” ပါမကျန် လက်နက်ချအညံ့ခံခဲ့ကြပြီး ကိုးကန့် (လောက်ကိုင်) တစ်ခွင်လုံးသည် “စစ်ကောင်စီ ကင်းစင်သည့်နယ်မြေ’ ဖြစ်ခဲ့ပြီ ဖြစ်သည်။ ဤမြင်ကွင်းမှာ “မြန်မာ့တပ်မတော်” ဟုခေါ်သော စစ်ကောင်စီသမိုင်းတွင် စစ်အာဏာရှင်စနစ်နိဂုံးချုပ်မည့် အကြိုနေ့ရက်များပင်ဖြစ်သည်။” လို့ ညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားတာပါ။
ဒီကနေ့ လက်နက်ချအညံ့ခံသောသူတွေထဲမှာ ဒကစ (လောက်ကိုင်) ကို စစ်ကူပေးဖို့ ရောက်ရှိလာကြတဲ့ မြန်မာနိုင်ငံအနှံ့က တပ်မ၊ တပ်ရင်းများအစုံ တစ်ယောက်မကျန်ပါဝင်ခဲ့ပြီး အရာရှိ ၂၂၈ ဦး ဗိုလ်မှူးချုပ်အဆင့်ရှိသူ ၆ ဦး၊ အခြားအဆင့်ရှိသူ ၁,၈၉၅ ဦးနဲ့ မိသားစုဝင်
၁,၆၀၁ ဦး ပါဝင်ခဲ့ပြီးတော့ လုံခြုံတဲ့နေရာကို ပို့ဆောင်ထားခဲ့ပြီ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။
နောက်ဆက်တွဲအနေနဲ့ ပွိုင့် ၂၀၂၂ လို့လူသိများတဲ့ ကိုးကန့်အခေါ် “နမ်ထင်းမိန်ရှန်း”က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆၆ ဦးလည်း နောက်ဆုံးအသုတ်အနေနဲ့ လက်နက်ချခဲ့တာကြောင့် လက်နက်ချအလင်းဝင်သူ စုစုပေါင်း ၂,၃၈၉ ယောက်အထိ ရှိခဲ့တယ်လို့လည်း တစ်ဆက်တည်း ဖော်ပြထားပါတယ်။
ဒီကနေ့ ဒီဇင်ဘာလ ၅ ရက်နေ့ စစ်ဆင်ရေးကာလ ၇၁ ရက်မြောက်နေ့ဟာ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း အထွတ်အထိပ်နေ့နဲ့ စိတ်အလှုပ်ရှားဆုံး နေ့တစ်ရက်ဖြစ်ခဲ့တယ်လို့လည်း ညီနောင်သုံးဖွဲ့က ထုတ်ဖော်ပြောဆိုထားပါတယ်။







