တိုက်ပွဲများကြောင့် နန့်တိန်းကျေးရွာနဲ့ အနီးတစ်ဝိုက်က ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်

213

 

ဇန်နဝါရီ၊၈

မြစ်ကြီးနား-ဖားကန့်လမ်းပေါ် က နန့်တိန်းကျေးရွာမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင် အနီးအနားကျေးရွာတွေက ဒေသခံအချို့ ပြောင်းရွှေ့နေရတယ်လို့ သိရပါတယ်။

အထက်ပါတိုက်ပွဲကြောင့် နန့်တိန်းကျေးရွာမရောက်မီ နန့်ယားကျေးရွာက ဒေသခံအချို့လည်း တိမ်းရှောင်နေတယ်လို့ နန့်ယားကျေးရွာဒေသခံ အမျိုးသမီးတစ်ဦး က မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“နန့်ယားမှာ ဟိုလိုလိုဒီလိုလို ပြောနေကြလို့ပြေးခဲ့တာ။ နန့်ယားမှာတော့ မဖြစ်ပါဘူး။ ကချင်တော်တော်များများ ပြေးကုန်လို့ လိုက်ပြေးတာ သေမှာကြောက်လို့” လို့ အထက်ပါ အမျိုးသမီးက ပြောပါတယ်။

နန့်ယားကျေးရွာက စစ်ရှောင်ကြတဲ့ ဒေသခံတွေကတော့ မြစ်ကြီးနားနဲ့ မိုးကောင်းမြို့ဘက်ကို သွားကြတာ များတယ်လို့လည်း သိရပါတယ်။

နန့်တိန်းကျေးရွာအနီးက ဆိုင်းဖရာကျေးရွာဒေသခံတချို့လည်း ဖားကန့်မြို့ဘက် စစ်ရှောင်နေကြပြီး တစ်ချို့ဒေသခံတွေကတော့ ကလေးတွေနဲ့ ရှောင်ဖို့ရွေ့ဖို့ မလွယ်တဲ့အတွက် ရွာမှာပဲ နေနေတယ်လို့ ဆိုင်းဖရာကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ကျွန်မတို့မှာက ကလေးတွေ အရမ်းများတယ်။ ကျွန်မတို့က ကုန်းဘက် ဟိုဘက် ရွေ့ရအောင်လည်း မရဘူး။” လို့ အထက်ပါ အမျိုးသမီးက ပြောပါတယ်။

ဖားကန့်မြို့နယ်အတွင်းက နန့်တိန်းကျေးရွာရွာနဲ့ ဝှေခါကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KIA၊KPDFတို့ရဲ့ နှစ်ဖက်တိုက်ပွဲကြောင့် ဝှေခါလမ်းကိုလည်း KIA တပ်က ပိတ်ထားပြီး ဖားကန့်လမ်းကိုတော့ မပိတ်ဘူးလို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ဖားကန့်လမ်းက မပိတ်ဘူး။ ပြည်သူတွေကြောက်လို့ မဖြတ်တာဟုတ်တယ်။ ဝှေခါလမ်းတော့ ပိတ်ထားတယ်။ ” လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့က ဖားကန့်မြို့နယ်အတွင်းမှာရှိတဲ့ နန့်တိန်းတပ်စခန်းနဲ့ ဝှေခါ စစ်ကောင်စီတပ်စခန်းကို KIA၊KPDFတို့က သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တဲ့နောက်ပိုင်း အဲဒီကျေးရွာနဲ့ အနီးတစ်ဝိုက်က ဒေသခံအချို့ တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

မြစ်ကြီးနား-ဖားကန့်လမ်းပေါ်မှာ စစ်ကောင်စီနဲ့ KIA တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့ကလည်း နန့်တိန်းကျေးရွာကနေ ဖားကန့်ဘက်ကို တက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ၅ မိုင်ကျေးရွာ နောက်ကျောမှာ KIA၊KPDF ပူးပေါင်းတပ်တွေကနေ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

နန့်တိန့်ကျေးရွာဟာ ကပ်မှော်ဇွပ်ကျေးရွာအုပ်စုထဲမှာ ပါရှိတာဖြစ်ပြီးတော့ ၂၀၁၄ သန်းခေါင်စာရင်းအရ ကပ်မှော်ဇွပ်ကျေးရွာအုပ်စုမှာ လူဦးရေ ၃,၁၀၀ ကျော်နေထိုင်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here