ဝိုင်းမော်-လိုင်ဇာလမ်း အောင်မြေ ၂ ကျေးရွာမှာ စစ်ကောင်စီနဲ့ လက်အောက်ခံ ပြည်သူ့စစ်များ ဝင်ရောက်တပ်စွဲနေပြီး တိုက်ပွဲဖြစ်လာမှာကို ဒေသခံတွေစိုးရိမ်

185
ဓါတ်ပုံ- ဝိုင်းမော်-လိုင်ဇာလမ်း တစ်နေရာမှာတွေ့ရတဲ့ စစ်ကောင်စီ တပ်သားများ။(ပုံဟောင်းဖြစ်ပါသည်)

ဇန်နဝါရီ၊ ၉

ဝိုင်းမော်-လိုင်ဇာလမ်းပေါ်မှာရှိတဲ့ အောင်မြေ ၂ ကျေးရွာမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့စစ်တပ်သားတွေဟာ လုံခြုံရေးယူပေးတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်ရောက်တပ်စွဲနေတဲ့အတွက် ဒေသခံပြည်သူတွေ အသွားအလာ သတိထားနေရတဲ့အပြင် တိုက်ပွဲဖြစ်လာမှာကိုပါ စိုးရိမ်နေရပါတယ်။

လက်ရှိအချိန် အောင်မြေ ၂ ကျေးရွာအတွင်းက အိမ်ခြေ ၃ ခုမှာ စစ်ကောင်စီတပ်သားတွေအပြင် ပြည်သူ့စစ်တပ်သား အင်အား ၅၀ ထက်မနည်း ဝင်ရောက်တပ်စွဲနေတယ်လို့ အောင်မြေ ၂ ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

“အရက်တွေသောက်၊ ဖဲတွေရိုက်နဲ့ နေနေကြတယ်။ ဒေသခံတွေကတော့ အရမ်းကြောက်နေကြတယ်။ အိမ်ရှင်တွေရဲ့ ထင်းတွေလည်း ယူသုံးနဲ့ လုပ်နေကြတယ်”လို့ ဒေသခံက ဆိုပါတယ်။

ဒါ့အပြင် အထက်ပါ စစ်သားတွေဟာ ဘယ်စခန်းကနေ ဝင်ရောက်လာတယ်ဆိုတာ မသိရှိရဘူးလို့လည်း ဆိုပါတယ်။

“ဒီနေ့နဲ့ ဆိုရင် သုံးရက်ရှိပြီ။ သူတို့ထဲမှာ ကချင်စကားလည်း ပြောတယ်။ လီဆူ၊ လော်ဝေါ်၊ လာချိတ်စကားလည်း ပြောတယ်။ ဗမာစကားလည်း ပြောတယ်။ အစက တစ်ယောက်အရင်လာပြီး ခဏထိုင်မယ်နော်ပြောပြီး နောက်တော့ အိမ်ရှင်က ခွင့်ပြုလိုက်တော့ အားလုံးဝင်ချလာတာလို့ ပြောတယ်”လို့ ဒေသခံရဲ့ ထပ်မံပြောပြချက်အရ သိရတာပါ။

နောက်ထပ် ဒေသခံပြည်သူတစ်ဦးကလည်း အခုလို ရွာအတွင်းဝင်ရောက်နေထိုင်တာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားလာမှာကို စိုးရိမ်တယ်လို့ ပြောပါတယ်။

“ဒီမှာက တပ်စခန်းလည်း ဘာမှမရှိဘူး။ သွားပြောလို့ကမရ။ သွားပြောရင်လည်း နင်ကဘာလဲဆိုပြီး ပြောလာမှာလည်း ကြောက်။ ပြဿနာဖြစ်မှာလည်း စိုးတယ်”လို့ ဆိုပါတယ်။

ရွှေညောင်ပင်ကျေးရွာအနီး ဘော်ဆာဒီးရွာဘက်က ပြည်သူ့စစ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ကနေ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့အပြင် ဒီဇင်ဘာလ ၁၈ ရက်နေ့ကလည်း ရွှေညောင်ပင်ဂိတ်ကို စစ်အင်အားဖြည့်တင်းလာတဲ့ ပြည်သူ့စစ်ကား လမ်းခုလတ်မှာ KIAရဲ့ တိုက်ခိုက်တာခံရပြီးတဲ့နောက် နှစ်ဖက်တပ် စစ်ရေးအခြေအနေ တင်းမာနေဆဲလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဝိုင်းမော်-လိုင်ဇာလမ်းပေါ်မှာရှိတဲ့ နမ်ဆန်ယန်ကျေးရွာဘက်ကိုလည်း စစ်ကောင်စီက ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ပထမအပတ်ကတည်းကနေ စစ်ကြောင်းတွေထိုးနေတာ ဖြစ်ပြီးတော့ KIA နဲ့လည်း တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

အောင်မြေ ၂ ကျေးရွာဟာ စစ်ကောင်စီရဲ့ ရွှေညောင်ပင် ၃၂၁ တပ်စခန်း မရောက်ခင်မှာ တည်ရှိတဲ့ ကျေးရွာတစ်ရွာဖြစ်ပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ အောင်မြေ (၂) ကျေးရွာအုပ်စုမှာ လူဦးရေ စုစုပေါင်း ၈၀၀ ကျော် နေထိုင်ပါတယ်။

ဝိုင်းမော်-လိုင်ဇာလမ်းကတော့ ဝိုင်းမော်မြို့ဘက်ကလာရင် ခါးရှိ၊ အင်းလေး၊ အောင်မြေ ၁၊ အောင်မြေ ၂၊ ရွှေညောင်ပင်၊ ဂါးရာယန်၊ကဇူးယန်၊ ဒဘတ်ယန်၊ ကန်တော်ယန်၊ နမ်ဆန်ယန် စတဲ့ရွာတွေကို ဖြတ်သွားရမှာဖြစ်ပြီး နမ်ဆန်ယန်လမ်းခွဲကနေ လိုင်ဇာမြို့ဘက်ကိုလည်း သွားနိုင်သလို ဗန်းမော်မြို့ဘက်ကိုလည်း ခရီးဆက်နိုင်မှာ ဖြစ်ပြီးတော့ လတ်တလော တိုက်ပွဲတွေကြောင့် အဲဒီလမ်းကို ဖြတ်သန်းသွားလာခွင့်တွေ ပိတ်ထားပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here