ကချင်ပြည်နယ်နေ့ ၇၆ နှစ်တိုင်လာပေမဲ့ စစ်ရှောင်ဦးရေလျော့မသွားဘဲ တစ်သိန်းနီးပါးရှိ

274

ဇန်နဝါရီ၊ ၁၁

ကချင်ပြည်နယ်နေ့အဖြစ် ရောက်ရှိခဲ့တာ ၇၆ နှစ်တိုင်ခဲ့ပေမဲ့လည်း ပြည်နယ်အတွင်းမှာတော့ စစ်ရှောင်လူဦးရေ အယောက် ၉၀,၀၀၀ (ကိုးသောင်း)ကျော်ရှိထိ ရှိနေပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA- Myanmar) ရဲ့ မနှစ်က ၂၀၂၃ ခုနှစ် နိုဝင်ဘာလထိ ပြုစုထားတဲ့ စာရင်းတွေအရ ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ် ၁၃ မြို့နယ်က စစ်ရှောင်စခန်း ၁၃၅ ခုမှာ လက်ရှိအချိန်အထိ စစ်ရှောင်နေရတဲ့သူ ၉၂,၀၀၀ လောက်အထိ ရှိနေတာ ဖြစ်ပါတယ်။

အစိုးရထိန်းချုပ်ဧရိယာက စစ်ရှောင်စခန်း ၁၁၃ ခန်းမှာတော့ စစ်ရှောင်လူဦးရေ ၅၄,၂၄၂ ဦး ခိုလှုံနေပြီး KIO/KIA ထိန်းချုပ်ဧရိယာက စစ်ရှောင်စခန်း ၂၂ ခုမှာ နေထိုင်တဲ့ စစ်ရှောင်လူဦးရေ ၃၈,၂၀၈ ဦးနဲ့ စုစုပေါင်း ၉၂,၄၅၀ ယောက် ရှိနေတာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ ၂၀၁၁ ခုနှစ်က စတင်ခဲ့တဲ့ တစ်ကျော့ပြန်တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရတာဖြစ်ပြီး အများစုကတော့ လက်ရှိအချိန်ထိ အိမ်မပြန်နိုင်သေးတဲ့အပြင် လက်ရှိတိုက်ပွဲတွေကြောင့် နေရပ်ပြန်ခဲ့ကြတဲ့ နန်ဆန်ယန်၊ ကဇူးယန်လို ရွာကသူတွေတောင် နောက်တစ်ကြိမ် စစ်ရှောင်နေရပါပြီ။

ကချင်ပြည်နယ်တင်မကပါဘူး။ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း တစ်နိုင်ငံလုံးတိုက်ပွဲတွေ ဖြစ်ပွားနေပြီး လက်ရှိအချိန်မှာ တစ်နိုင်ငံလုံး နေရပ်စွန့်ခွာရသူအရေအတွက် ၂ ဒဿမ ၆ သန်းအထိ ရှိနေပြီလို့ UNOCHA ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအတွင်းက လူဦးရေရဲ့ သုံးပုံတစ်ပုံနီးပါးရှိတဲ့ လူဦးရေ ၁၈ ဒဿမ ၆ သန်းဟာ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

အဲဒီလိုအပ်ချက်ဟာ ၂၀၂၂ ခုနှစ်ကထက်လူဦးရေ တစ်သန်းတိုးလာတာဖြစ်ကာ အာဏာမသိမ်းမီ လွန်ခဲ့တဲ့ သုံးနှစ်ကထက် ၁၉ ဆ နီးပါး မြင့်တက်လာတာဖြစ်တယ်လို့ မနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ UNOCHA- Myanmar က ထုတ်ပြန်ထားပါတယ်။

မနေ့က ဇန်နဝါရီလ ၁၀ ရက်နေ့ဟာ ကချင်ဘိုးဘေးတွေ သတ်မှတ်ခဲ့တဲ့ ကချင်ပြည်နယ်နေ့ဖြစ်ပါတယ်။ ၇၆ နှစ် ပြည့်ခဲ့ပေမဲ့လည်း စစ်ရှောင်အရေအတွက် လျော့ကျသွားတာ မရှိတဲ့အပြင် ကချင်ပြည်နယ်အနှံ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ရှောင်တွေ ဆက်တိုးနေပါတယ်။

အထက်ပါအချက်အလက်တွေဟာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA- Myanmar) ကို ကိုးကားတင်ပြထားတာဖြစ်ပြီး မြေပြင်နဲ့ စာရင်းကွာခြားမှုတွေ ရှိနိုင်ပါတယ်။

မြို့အလိုက်စစ်ရှောင်ဦးရေစာရင်းကို ‌ပုံတွင်ဖော်ပြထားပါသည်။(Source UNOCHA)

 

LEAVE A REPLY

Please enter your comment!
Please enter your name here