ဇန်နဝါရီ၊ ၁၅
တိုက်ပွဲဖြစ်ပွားတာမရှိဘဲ တအောင်းတပ်မတော်တည်ရှိရာ မြို့နယ်တွေဘက်ကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာဟာ အပစ်ခတ်ရပ်စဲရေးလက်မှတ်ကို နေ့စဉ် အကြိမ်ကြိမ် ပေါ်တင်ချိုးဖောက်နေတာဖြစ်တယ်လို့ တအောင်းတပ်မတော် (PSLF/TNLA) က ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့က အပစ်ခတ်ရပ်စဲရေးလက်မှတ်ထိုးခဲ့တဲ့နောက် ဒီကနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့အထိ စစ်ကောင်စီဟာ ကျောက်မဲ၊ မိုးကုတ်၊ လားရှိုးမြို့နယ်တွေကို နေ့စဉ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာလို့ ဆိုထားတာပါ။
ကျောက်မဲမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ကနေ သံဘိုရွာဘက်ကို ဒီကနေ့ လက်နက်ကြီးနဲ့ ၅ ကြိမ် ပစ်ခတ်ခဲ့သလို ကျောက်မဲမြို့နယ် စစ်ကောင်စီ ၅၀၂ တပ်စခန်းကလည်း ပါးပုတ်ကျေးရွာဘက်ကို လက်နက်ကြီး ၄ ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီကနေ့အတွင်းမှာပဲ နောင်ချိုမြို့နယ်၊ အုမ္မတီးလမ်းခွဲမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကနေ သုံးဆယ်ရွာကို လက်နက်ကြီးနဲ့ ၃ ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အပြင် ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေး၊ လွယ်ကန်၊ လွယ်ကုန်ကျေးရွာအနီးတဝိုက်မှာလည်း စစ်ကောင်စီက Mi35 တိုက်ခိုက်ရေး ရဟတ်ယာဥ်နဲ့ ၁ ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ရှမ်းမြောက်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဗျူဟာကုန်းနဲ့တပ်စခန်းတွေကို ညီနောင် ၃ ဖွဲ့ကနေ ဆက်လက်ပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုတွေမပြုလုပ်ဖို့နဲ့ စစ်ကောင်စီကလည်း ညီနောင် ၃ ဖွဲ့ ထိန်းချုပ်သိမ်းပိုက်ထားတဲ့ နေရာတွေဘက်ကို လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်း တိုက်ခိုက်မှုတွေမပြုလုပ်ဖို့ သဘောတူညီခဲ့ကြတာဖြစ်ပေမဲ့ စစ်ကောင်စီတပ်က အခုလို လက်နက်ကြီးတွေ ပစ်ခတ်နေတာဟာ သဘောတူညီမှုချိုးဖောက်နေကြောင်း ဆိုလာတာပါ။
ညီနောင်မဟာမိတ်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့က နှစ်ရက်တာ တွေ့ဆုံဆွေးနွေးခဲ့ပြီး အပစ်ခတ်ရပ်စဲရေး သဘောတူညီခဲ့ကြတာဖြစ်ပါတယ်။
ပုံဟောင်းဖြစ်ပါသည်။







