ဇန်နဝါရီ၊ ၁၈
ဝိုင်းမော် – ချီဖွေလမ်းပိုင်း၊ မန်ဝန်းကျေးရွာမှာ ဂိတ်ထိုင်ထားတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ ဂိတ်မှာ ဖြတ်သန်းသွားလာသူတွေ၊ ကုန်တင်ကားတွေနဲ့ ခရီးသယ်တင်လိုင်ကားတွေအပါ တစ်နှစ်စာ ဖြတ်သန်းသွားလာစရိတ်ပေးပြီး သွားလာနေကြရတယ်လို့ သိရပါတယ်။
အခုလို တစ်နှစ်စာဖြတ်သန်းစရိတ် ပေးဆောင်ပြီး သွားလာနေကြရသူတွေထဲမှာ ဒေသခံတွေလည်းပါဝင်နေပြီး သူတို့သတ်မှတ်ထားတဲ့ အခကြေးငွေအတိုင်း ပေးဆောင်တဲ့ ဖြတ်ပိုင်းရယူပြီးတော့ သွားလာနေကြရတယ်လို့ ချီဖွေဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
တစ်နှစ်စာအတွက် အသက် ၁၈ နှစ်အထက်ရှိတဲ့ လူတစ်ယောက်ဆိုရင် ၁၀,၀၀၀ ကျပ်ကို လူခွန်ဆောင်တဲ့သဘောနဲ့ လက်မှတ်ဖြတ်ရပြီး အိမ်စီးကားတစ်စီဆိုရင် ၂ သိန်းကျပ်၊ လိုင်းဆွဲတဲ့ ကားတွေက ၃ သိန်းပေးဆောင်ရတယ်လို့ ကြားသိရကြောင်းနဲ့ လက်မှတ်ဖြတ်မထားတဲ့သူတွေက သူတို့စိတ်ကြိုက် နှုတ်ကတောင်းလိုက်တဲ့ ပမာဏကို ပေးရတယ်လို့လည်း ဆက်လက်ပြောပါတယ်။
” ဒါမှတ်ပုံတင်ရတာပေါ့။ တစ်နှစ်စာပေါ့။ လက်မှတ်ဖြတ်ထားရင်က ဘယ်သွားသွား၊ ဘယ်နေရာပဲသွားသွား သူတို့ အုပ်ချုပ်တဲ့ နယ်မြေဒေသရောက်သွားရင် အဲဒီလက်မှတ်က အကျုံးဝင်တဲ့သဘောပေါ့။“လို့ အထက်ပါဒေသခံက ဆိုပါတယ်။
သူတို့တောင်းသလောက် မပေးခဲ့ရင် အဲဒီဂိတ်ကနေ ဖြတ်သန်းခွင့်မပြုဘဲ စစ်ဆေးမှုတွေပြုလုပ်ပြီး ပြန်ခေါက်ခိုင်းတာမျိုးတွေ ပြုလုပ်ကြတယ်လို့ သိရပါတယ်။
အခုလိုတွေ ပြုလုပ်နေတာ ၅ လ လောက် ရှိပြီဖြစ်ပြီး ပြည်သူတွေအနေနဲ့ သတ်မှတ်ချက်ကို ရုပ်သိမ်းပေးဖို့ တောင်းဆိုဖို့ကလည်း ဒီလုပ်ဆောင်မှုဟာ လက်နက်ကိုင်အဖွဲ့တွေရဲ့ လိုအပ်ချက်တွေကြောင့်ဖြစ်မယ်ဆိုပြီး နားလည်ပေးထားကြတယ်လို့လည်း ဒေသခံတွေရဲ့ ပြောဆိုချက်အရသိရပါတယ်။
” ပြည်သူတွေက အဲဒီလောက်မလုပ်နဲ့ ဒီလောက်တော့ လျော့ပေးဆိုရင်လည်း သူတို့က မပေးနိုင်ရင် ရပ်ထား၊ အဲဒီလိုမျိုး ပြောဆိုဆံဆက်တာတော့ရှိတယ်။ အမှန်တကယ်ဆိုတာက အဲဒီလိုမျိုးမလုပ်သင့်ဘူးပေါ့။” လို့ ဒေသခံက ဆိုပါတယ်။
ဒါ့အပြင် ကားသမားတွေကလည်း နေ့စဉ်နဲ့အမျှ သွားလာနေကြရတာဖြစ်တဲ့အတွက် ဂိတ်တွေနဲ့ ပြဿနာမဖြစ်အောင်၊ အဆင်ပြေပြေ သွားလာနိုင်ရေးအတွက်ကိုပဲ လိုလားကြတာဖြစ်တဲ့အတွက် တောင်းသလောက်ကို ပေးပြီး ဖြတ်သန်းသွားလာနေကြတယ်လို့ သိရပါတယ်။
အထက်ပါကိစ္စနဲ့ပတ်သက်ပြီး KIO/KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူဆီ ဆက်သွယ်မေးမြန်းရာမှာတော့ ” အခွန်ကောက်တာက ကျွန်တော်တို့ အခွန်ဦးစီးဌာနအောက်ကနေ ဦးစီးပြီး ကောက်တာဖြစ်တယ်။ ဘယ်လောက်ကောက်တယ်ဆိုတာက ကျွန်တော်အနေနဲ့ အတိအကျ မပြောပြနိုင်ဘူး။ ဘာကြောင့်လဲဆိုရင် နေရာဒေသတစ်ခုနဲ့တစ်ခု အခွန်နှုန်းထားတွေကို ဘယ်လိုသတ်မှတ်တယ်ဆိုတာ ကျွန်တော် အတိအကျမသိဘူး။”လို့ ဆိုပါတယ်။
ကားသမားတွေရဲ့ ပြောပြချက်အရ ဝိုင်းမော်- ချီဖွေလမ်းတစ်လျှောက်မှာ စစ်ကောင်စီစစ်ဂိတ်၊ ပြည်သူ့စစ်ဂိတ်၊ နယ်ခြားစောင့်တပ်ဂိတ်နဲ့ KIO/KIA တပ်ဂိတ် စရှိတဲ့ လက်နက်ကိုင်တပ်တွေ ဖွင့်ထားတဲ့ ဂိတ်စုစုပေါင်း ၁၆ ဂိတ်ရှိတယ်လို့ သိရပါတယ်။
အဲဒီဂိတ်တွေမှာ ပြည်သူတွေဟာ စားသောက်ကုန်တွေနဲ့ အခြားလူသုံးကုန်တွေကို သယ်ဆောင်ရင် ကုန်အနည်းအများပေါ်မူတည်ပြီး ဂိတ်ကြေးပေးဆောင်ရတာတွေ အရမ်းများတဲ့အတွက် ချီဖွေမြို့နဲ့ ချီဖွေအထက်ကဒေသတွေမှာ စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေကို ကုန်သည်တွေက ဈေးတင်ရောင်းနေကြရသလို ဝယ်ယူသုံးစွဲသူတွေကလည်း ဈေးကြီးပေးဝယ်ယူကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ချီဖွေမြို့နယ်ဟာ ၂၀၁၄ ခုနှစ်ရဲ့ သန်းခေါင်းစာရင်းအရ လူဦးရေ ၁၀,၀၀၀ ကျော်နေထိုင်တဲ့ မြို့နယ်တစ်ခုဖြစ်ပြီး ချီဖွေမြို့အထက်ဘက်မှာ ဆော်လော့မြို့နယ်အပြင် ကချင်ဒီမိုကရေစီသစ် တပ်မတော်(NDA-K) ခေါင်းဆောင် ဦးဇခုန်းတိန်းယိန်းရဲ့ အုပ်ချုပ်ခွင့်ရ ဒေသဖြစ်တဲ့ ပန်ဝါဒေသလည်း ရှိပါတယ်။
အဲဒါကြောင့် ဝိုင်းမော်- ချီဖွေလမ်းပိုင်းတစ်လျှောက် ဂိတ်ထိုင်ထားတဲ့ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဒေသခံပြည်သူတွေ အဆင်ပြေပြေနဲ့ နေထိုင်စားသောက်နိုင်ဖို့အတွက်နဲ့ သွားလာနိုင်ဖို့အတွက် ကူညီဆောင်ရွက်ပေးကြဖို့ ဒေသခံတွေက တောင်းဆိုကြပါတယ်။







