ဇန်နဝါရီ၊၁၉
ကချင်ပြည်နယ်၊ ဖားကန့်မြို့က ဒေသခံအမျိုးသားနှစ်ဦး ဖမ်းဆီးခံရပြီးနောက် မိုးညှင်းခရိုင်တရားရုံးက ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်တယ်လို့ သိရပါတယ်။
ထောင်ဒဏ်ချမှတ်ခံရတဲ့ အသက် ၃၀ ကျော်အရွယ်တွေဖြစ်တဲ့ ကိုမြင့်လွင်၊ ကိုသိန်းတို့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့(PDF)ကို ထောက်ပို့လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့ညက ပစ်ခတ်စီးနင်းမှု ပြုလုပ်ပြီး ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။
ကိုမြင့်လွင်နဲ့ ကိုသိန်းတို့နှစ်ဦးကို ဖားကန့်ရဲစခန်းမှာ ဖမ်းဆီးထားပြီး ရိုက်နှက်မေးမြန်းမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့မှာတော့ မြစ်ကြီးနား အမှတ်(၁)ရဲစခန်းဘက် ပြောင်းရွှေ့လိုက်ပြီး အဲဒီကတဆင့် မိုးညှင်းအကျဉ်းထောင်ဘက် ထပ်ဆင့် ပြောင်းရွှေ့ခံခဲ့ရတာ ဖြစ်ပါတယ်။
မနေ့က ဇန်နဝါရီလ ၁၈ ရက်နေ့မှာတော့ သူတို့နှစ်ဦးကို မိုးညှင်းအကျဉ်းထောင်ကနေ အကြမ်းဖက်ပုဒ်မ ၅၂(က)နဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)တို့နဲ့ ထောင်ဒဏ် ၁၀ နှစ်စီချမှတ်လိုက်တာ ဖြစ်တယ်လို့ ဖားကန့်ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။
“အမှတ်၁ရဲစခန်းကနေ မိုးညှင်းဘက် ခေါ်သွားပြီး မိုးညှင်းခရိုင်တရားရုံးကနေ အမိန့်ချပြီး မိုးညှင်းထောင်မှာ ရှိနေပြီ။ ၁၀နှစ်စီ ချလိုက်တာ”လို့ ဖားကန့်ဒေသခံ ပြည်သူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒါ့အပြင် ဖမ်းဆီးခံရတဲ့ ညက အထက်ပါ နှစ်ဦးအပြင် ကိုမောင်အေးဆိုသူပါ နေအိမ်မှာရှိနေပြီး စစ်ကောင်စီကနေ ဝင်ရောက်စီးနင်းဖမ်းဆီးချိန် ထွက်ပြေးခဲ့အတွက် စစ်ကောင်စီတပ်သားတွေရဲ့ သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အလောင်းပြန်ပေးခြင်း မရှိခဲ့ဘူးလို့လည်း သိရပါတယ်။







