ဇန်နဝါရီ၊၂၀
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် မန်ဝိန်းကြီးကျေးရွာအနီးက ဂေါင်ငူယန်စစ်ကောင်စီတပ်စခန်းကို အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီလို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အတည်ပြုပြောကြားပါတယ်။
အထက်ပါ စစ်ကောင်စီတပ်စခန်း ခမရ ၄၂၄ တပ်စခန်းကို KIA ကနေ ဇန်နဝါရီလ ၁၉ ရက်နေ့ မနက် ၈ နာရီက သွားရောက်တိုက်ခိုက်ခဲ့ပြီး ၃ နာရီအကြာမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။
” လုံးဝသိမ်းပိုက်နိုင်ပြီ။ အခု KIAတွေ ပြန်ထိုင်နေပြီ” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
စခန်းသိမ်းယူနိုင်ခဲ့တဲ့ နေရာဧရိယာတွေဟာ KIAတပ်မဟာ ၃၊ တပ်ရင်း ၂၇ တို့ရဲ့ လှုပ်ရှားနယ်မြေတွေ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီကနေ့မနက် ၇ နာရီခွဲ အချိန်လောက်မှာလည်း ဖားကန့်မြို့နယ်၊ ဆိပ်မှုကျေးရွာအုပ်စု၊ ဝှေခါကျေးရွာက စစ်ကောင်စီတပ် ခမရ (၄၂) တပ်စခန်းကို (KIA)၊KPDFပူးပေါင်းတပ်တွေကနေ တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်။
၂၀၂၄ ဇန်နဝါရီလဆန်းကနေစပြီး ကချင်လွတ်လပ်ရေးတပ်တော်(KIA)ကနေ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ဆက်တိုက်ရှိလာနေပြီး စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲလာနေပါတယ်။
လက်ရှိ မြစ်ကြီးနား-ဖားကန့်လမ်းပေါ်မှာ KIAနဲ့ စစ်ကောင်စီတို့အကြား စစ်ရေးတင်းမာမှုတွေ ရှိနေပါတယ်။







