မြစ်ကြီးနားက ရွှေဆိုင်လုယက်မှု ဖြစ်စဉ်အမှန်

2301
လုယက်ခံရသောကျော်မြန်မာရွှေဆိုင်

ဧပြီ ၂

မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက် ကျော်မြန်မာရွှေဆိုင်တွင် ဧပြီလ ၁ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဓားထိုးလုယက်မှုတွင် ငွေကျပ်သိန်းသုံးထောင်ကျော်ခန့် တန်ဖိုးရှိ ရွှေထည်ပစ်္စည်းသုံးပိဿာကျော်နှင့် ငွေကျပ်သိန်း နှစ်ရာတို့ ပါဆုံးသွားခဲ့ကြောင်း မြို့မရဲစခန်းမှ သိရသည်။

 

လုယက်ခံရသောကျော်မြန်မာရွှေဆိုင်
လုယက်ခံရသောကျော်မြန်မာရွှေဆိုင်

ကမ္ဘောဇဘဏ်နောက်ကျောလမ်းကြားရှိ ပဒုမ္မာစတိုးနှင့် မျက်နှာချင်းဆိုင်မှ ကျော်မြန်မာရွှေဆိုင်ပိုင်ရှင် ဦးကျော်ထွန်းသည် ဆိုင်ဖွင့်ရန်အတွက် ရွှေထည်နှင့်ငွေများကို Belta အမျိုးအစား လိုင်စင်ကားဖြင့်တင်၍ ဆိုင်ရှေ့တွင်ကားရပ်ကာ ဆိုင်သံဘာဂျာတံခါးကိုဖွင့်ဝင်ချိန် ဆိုင်ကယ်စီးဦးထုပ်အပြာဆောင်းထားသည့် အမျိုးသားတစ်ဦးရောက်လာပြီး ရွှေရောင်းလိုကြောင်းပြော၍ ကောင်တာအတွင်းဘက်သို့ဝင်လာကာ အသင့်ပါလာသောဓားဖြင့် ၀မ်းဗိုက်ကို ထိုးခဲ့ကြောင်း သိရသည်။

ကိုကျော်ထွန်း၏ ပြောပြချက်အရ ရဲတပ်ဖွဲ့မှေ၇းဆွဲထားသည့် တရားခံပုံကြမ်း
ကိုကျော်ထွန်း၏ ပြောပြချက်အရ ရဲတပ်ဖွဲ့မှေ၇းဆွဲထားသည့် တရားခံပုံကြမ်း

ယင်းသို့ ဓားနှင့်ထိုးအပြီး ကိုကျော်ထွန်း ကြမ်းပြင်ပေါ်မှောက်နေစဉ်တွင် နောက်ထပ်အမျိုးသားတစ်ဦး ထပ်မံရောက်ရှိလာပြီး “မအော်နဲ့သတ်ပစ်မယ်”ဟု ပြောဆိုခြိမ်းခြောက်ကာ ကိုကျော်ထွန်း၏ဘောင်းဘီအိတ်ကပ်အတွင်းမှငွေကျပ်ငါးသောင်းကို နှိုက်ယူပြီး ကိုကျော်ထွန်းကို ဆိုင်ရေချိုးခန်းထဲတွင် သော့ပိတ်၍ထားခဲ့သည်ဟု သိရသည်။

ထို့နောက် ထိုအမျိုးသားနှစ်ဦးက ဆိုင်တွင်တပ်ဆင်ထားသော CCTV စက်ကိုပါဖြုတ်ယူသွားခဲ့သည်ဟု ရဲမှတ်တမ်းများအရသိရပြီး ယင်းနောက် ဆိုင်ရှေ့တွင်ရပ်ထား သောကားကို  မောင်းနှင်ထွက်ပြေးသွားခဲ့သည်ဟု သိရသည်။

ကားအတွင်းမှ ရွှေထည်ပစ်္စည်းအမျိုးမျိုးနှင့် ရွှေချောင်း၅ ချောင်း (အလေးချိန်စုစုပေါင်း ၃ ပိဿာခန့်)နှင့် ကြွပ်ကြွပ်အိတ်အနက်ရောင်ဖြင့်ထုတ်ထားသည့် ငွေကျပ်သိန်းနှစ်ရာတို့ကို လုယက်သွားခဲ့ကြောင်းလည်း သိရသည်။

ကျုးလွန်သူများသည် အထက်ပါရွှေဆိုင်၏ အ၀င်/အထွက်ကို အချိန်ယူ၍စနစ်တကျလေ့လာထားပြီး လူသူကင်းရှင်းသည့်အချိန်တွင် ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကသုံးသပ်သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး မြို့မရဲစခန်းမှ (ပ)၇၂/၂၀၁၈၊ အမှုကြီးအမှတ်စဉ်(၆/၂၀၁၈) ရာဇသတ်ကြီး ၃၉၇/၁၁၄ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားပြီး တရားခံဖမ်းဆီးနိုင်ရေးဆောင်ရွက်နေကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူများက ၎င်းတို့လုယူသွားသည့်ကားကိုမနောကွင်း၏ အနောက်ဘက်ရှိ မနောဥယျာဉ်ကွင်းထဲတွင် စွန့်ပစ်ထားခဲ့သည်ကို နေ့လယ် ၂ နာရီကျော်ခန့်တွင် တွေ့ရှိခဲ့သဖြင့် ရဲတပ်ဖွဲ့က သက်သေခံပစ္စည်းအဖြစ် ယာယီထိန်းသိမ်းထားကြောင်း သိရသည်။

ထိုရွှေဆိုင်လုယက်ခံရမှုနှင့်ပတ်သက်၍ လူမှုကွန်ရက်သတင်းများနှင့် သတင်းစာအချို့တွင် တင်ပြပုံကွဲလွဲမှုများရှိနေသော်လည်း မြစ်ကြီးနားသတင်းဂျာနယ်က ရဲတပ်ဖွဲ့နှင့်ရွှေဆိုင်ပိုင်ရှင်တို့၏ ပြောဆိုချက်များအတိုင်း ပြန်လည်ဖော်ပြခြင်းဖြစ်သည်။

ယခုဖြစ်စဉ်တွင်လည်း ကမ္ဘောဇမီနီဘဏ်လုယက်မှုဖြစ်စဉ်တုန်းကလို စီစီတီဗီကင်မရာမှတ်တမ်းများ ဖျောက်ဖျက်ခြင်းနှင့် ပိုင်ရှင်၏အသက်ကို အန်္တရာယ်မပေးဘဲ သော့ခတ်ထားခဲ့ခြင်းများ ပြုလုပ်ခဲ့သည့်အတွက် ပြစ်မှုကျူးလွန်သူများသည် တစ်ဖွဲ့တည်းဖြစ်နိုင်ကြောင်း ပြည်သူများအကြား ဝေဖန်ပြောဆိုနေကြသည်။

စည်သူ(မြစ်ကြီးနား)

LEAVE A REPLY

Please enter your comment!
Please enter your name here