တစ်ရက်ကို သစ်တန်ချိန် ၅၀၀ ခန့် ခိုးထုတ်နေသော တရုတ်နိုင်ငံသားများပိုင် သစ်စက်ကို တားဆီးပေးစေလို

4248
တစ်ရက်ကို သစ်တန်ချိန် ၅၀၀ ခန့် ခိုးထုတ်နေသော တရုတ်နိုင်ငံသားပိုင် သစ်လုပ်ကွက်
တစ်ရက်ကို သစ်တန်ချိန် ၅၀၀ ခန့် ခိုးထုတ်နေသော တရုတ်နိုင်ငံသားပိုင် သစ်လုပ်ကွက်

မြစ်ကြီးနား၊ ဧပြီ ၂

ဆဒုံးမြို့နယ် ဘွမ်တောင်ရွာတွင် သစ်စက်လာရောက် တည်ထောင်ပြီး ၂၄ ဘီးတွဲကားများဖြင့် နေ့စဉ်သစ်ခိုးထုတ်နေသော တရုတ်နိုင်ငံသားများကို သက်ဆိုင်ရာမှ အမြန်ဆုံးလာရောက် တားမြစ်ပေးစေလိုကြောင်း ဘွမ်တောင်ကျေးရွာ တောင်သူများက ပြောသည်။

တရုတ်နိုင်ငံသားနှစ်ဦးပိုင်သော အဆိုပါတရားမ၀င်သစ်စက်သည် ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှ စတင်ဝင်ရောက်လာကာ ဆင်နီခူး၊ ရှငေါ်နှင့် မန်ဒေါင် စသည့်ဒေသဘက်တို့မှ သစ်များကို တရားမ၀င်သယ်ယူ၍ ဘွမ်တောင်ရွာမှ တောင်သူများပိုင် ခြံဝန်းများအတွင်း ခွင့်ပြုချက်မတောင်းဘဲ လာရောက်စုပုံကာ ခွဲစိပ်ပြီးသစ်များကို တရုတ်နိုင်ငံသို့ ခိုးထုတ်နေကြောင်း သိရသည်။

teak tree kachin

သစ်စက်သုံးခုမှ ထွက်ရှိသည့် ရှစ်ပေခွဲ၊ ကိုးပေခန့်ရှိသည့်သစ်များကို တွဲကားတစ်စီးလျှင် တန် ၅၀ ခန့် တင်ဆောင်ပြီး တွဲကားဆယ်စီးခန့်ဖြင့် တရုတ်နိုင်ငံသို့ နေ့စဉ်တင်ပို့နေကြောင်း ဒေသခံများပြောကြားချက်အရ သိရသည်။

“တရုတ်တွေ အဲဒီလိုလုပ်နေတာက တရားဝင်မဟုတ်ဘူး။ သူတို့က စစ်တပ်နဲ့အဆင်ပြေအောင် ညှိပြီး နားလည်မှုနဲ့ လုပ်နေကြတာပါ။ ကုမ္ပဏီနာမည်တော့မရှိဘူး။ ပြည်သူလူထုတွေကိုကျတော့ စစ်ကြောင်းရှိတယ်… မသွားရဘူးလို့ပြောပြီး တရုတ်တွေကျတော့ နေ့တိုင်းဝင်ထွက်နေတယ်”ဟု ဘွမ်တောင်ကျေးရွာ အုပ်ချုပ်ရေးရုံးမှ အတွင်းရေးမှူးဦးလာမြာတားက ပြောသည်။

အဆိုပါလုပ်ငန်းကို ဦးဆောင်လုပ်ကိုင်နေသူများမှာ အားမင်းနှင့် ရှောက်ကျန်းဆိုသည့် တရုတ်နိုင်ငံသားနှစ်ဦးတို့ဖြစ်ပြီး ၎င်းတို့နေ့စဉ်တင်ပို့နေသည့် သစ်အမျိုးအစားများမှာ စကားဝါ၊ ယမနေ၊ တောင်တမာနှင့် အခြားသစ်မာများ ဖြစ်ကြောင်း ဒေသခံများကပြောသည်။

“ပြည်တွင်းကသစ်ကို ပြည်တွင်းမှာပဲ သုံးစွဲစေချင်တယ်။ သူတို့သစ်ထုတ်တဲ့အတွက် ပြည်သူတွေခြံမှာလာပုံလို့၊ အသွားအလာလုပ်လို့ ပြည်သူတွေစိုက်ထားတဲ့ နှစ်ရှည်ပင်တွေ ပျက်စီးမှုတွေဖြစ်နေရတဲ့အတွက် သက်ဆိုင်ရာအစိုးရကနေပြီးတော့ အမြန်ဆုံးလာရောက် တားဆီးပေးစေလိုပါတယ်။ တောင်သူတွေအတွက်ကတော့ ကြာလေနစ်နာမှုရှိလေဖြစ်နေရပါတယ်”ဟု ဦးလာမြာတားက ပြောသည်။

ထို့အပြင် ယင်းသစ်စက်ရှိနေခြင်းကြောင့် တပ်မတော်ကရွာသားများကို ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားကြောင်း၊ထိုကျေးရွာရှိ ပြည်သူများသည်နှစ်ရှည်ပင်များ၊ သီးနှံပင်များစိုက်ပျိုးကာ တောင်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြသည့်အ တွက်၎င်းတို့ တောင်ယာလုပ်ငန်းကို အဟန့်အတားဖြစ်စေသော သစ်စက်များကို ဖယ်ရှာပေးစေလိုကြောင်း၊ စစ်တပ်ဂိတ်မှလည်း တောင်သူများကို လွတ်လပ်စွာသွားလာခွင့်ပြုစေလိုကြောင်း တောင်သူများက တောင်းဆိုကြသည်။

  “စစ်တပ်ဂိတ်က မသွားခိုင်းဘူး။  ပိတ်ပင်တားဆီးတာ တွေလုပ်ထားလို့ ဒီနှစ်အခုချိန်ထိ တောင်ယာမခုတ်ရသေးဘူး။ သူတို့က တောင်သူတွေခြံမှာ ဘာမှမပြောဘဲလာပုံထားလို့ တောင်သူတွေစိုက်ထားတဲ့အပင်တွေ ပျက်စီးနေတာတွေရှိပါတယ်။ သွားပြောလည်း စစ်တပ်အားကိုးနဲ့ ရွာသားတွေပြောတာကို ဂရုမစိုက်ကြဘူး”ဟု ဦးလာမြာတားက ဆက်လက်ပြောသည်။

ဖေဖော်ဝါရီလမှ ဧပြီလအတောအတွင်းကာလသည်တောင်သူများ၏ တောင်ယာခုတ်ခြင်း၊ မီးရှို့ခြင်းများဆောင်ရွက်ချိန်ဖြစ်သော်လည်း ယခုချိန်ထိ တောင်ယာစပါးစိုက်ပျိုးရန် ပြင်ဆင်နိုင်ခြင်းမရှိသေး သဖြင့် လာမည့်နှစ်အတွက်ဒေသဆန်အခက်အခဲဖြစ်မည်ကို ဒေသခံများ စိုးရိမ်နေကြရသည်ဟု တောင်သူဦးငွါးတား ကပြောသည်။

တစ်ရက်ကို သစ်တန်ချိန် ၅၀၀ ခန့် ခိုးထုတ်နေသော တရုတ်နိုင်ငံသားပိုင် သစ်လုပ်ကွက်

အဆိုပါသစ်စက်အနီးပတ်ဝန်းကျင်တွင် ဘွမ်တောင်၊ မာဂျာ၊ အင်ဝမ်းကောက် ကျေးရွာ ၃ ခုပေါင်း အိမ်ခြေ ၁၂၀ ရှိပြီးယင်းကျေးရွာအနီးသို့ တောင်ယာလာရောက်လုပ်ကိုင်သည့် တောင်သူ ၂၀၀ ကျော်ရှိကြောင်းသိရသည်။

မွန်းမွန်းပန်

LEAVE A REPLY

Please enter your comment!
Please enter your name here