ဖေဖော်ဝါရီ၊ ၂၀
ရက္ခိုင့်တပ်တော် (AA) က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီရဲ့ ပဲရမ်းတောင်စခန်းကို မနေ့က ညနေပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ AA ကနေ သိရပါတယ်။
အဲဒီ ပဲရွန်းတောင် (ခေါ် ) ပဲရမ်းတောင်စခန်းကို ဖေဖော်ဝါရီ ၁၉ ရက် မနက် (၇) နာရီကနေ ညနေ (၄) နာရီခွဲအထိ ၉ နာရီကျော်ကြာ တိုက်ခိုက်ပြီး တစ်နေ့တည်းနဲ့ အပြီးသိမ်းပိုက်ခဲ့တာဖြစ်တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
အဲဒီစခန်းကနေ စစ်ကောင်စီတပ်သားအလောင်း ၁၀ လောင်းကျော်ကိုတွေ့ရှိခဲ့တယ်လို့ဆိုပြီး သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းတွေကိုတော့ ဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်ထားတာပါ။
AA က လက်နက်ချခိုင်းခဲ့ပေမဲ့ အဲဒီစခန်းဟာ အညံ့မခံဘဲ ခုခံနေတဲ့စခန်းတစ်ခုဖြစ်ပြီး တိုက်ပွဲဖြစ်တဲ့အချိန် ထွက်ပြေးသွားတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေကိုတော့ လိုက်လံရှင်းလင်းနေတယ်လို့ AA က ဆိုပါတယ်။
အဲဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီက လေယာဉ်နဲ့ ၃ ကြိမ်လာတိုက်ခိုက်ခဲ့တယ်လို့ AA ကဖော်ပြထားပြီး ရက္ခိုင့်တပ်တော်ဘက်က အထိအခိုက်ရှိမရှိနဲ့ အဲဒီစခန်းက စစ်ကောင်စီအင်အား အခြေအနေကိုတော့ မဖော်ပြထားပါဘူး။
မနေ့က တစ်ရက်တည်းမှာပဲ AA ဟာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အပါအဝင် ဒေသခံမိတ်ဖက်တော်လှန်ရေးအဖွဲ့တွေနဲ့ ကချင်ပြည်နယ်၊ မံစီမြို့နယ်ထဲက စစ်ကောင်စီရဲ့ မဆုတ်တမ်းခံစစ်စခန်းတစ်ခုဖြစ်တဲ့ “စီခမ်းကြီးစခန်း”ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ AA ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီစခန်းကိုတော့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ မနက်ကနေ ၁၉ ရက်နေ့ ညနေပိုင်းအထိ ၃ ရက်ကြာ တိုက်ခိုက်ပြီးမှ သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ ညီနောင် ၃ ဖွဲ့က ထုတ်ပြန်ထားပါတယ်။







