ဖေဖော်ဝါရီ၊ ၂၂
ကချင်ပြည်နယ်၊ ဝိုင်းမော်- လိုင်ဇာလမ်း၊ ကဇူးယန်ကျေးရွာက ဒေသခံတွေ နေထိုင်နေတဲ့ ဆမားဇုန်နယ်ရုံးထဲကို အင်အား ၃၀၀ ကျော်လောက်ရှိတဲ့ စစ်ကောင်စီစစ်သားတွေ ဝင်လာတဲ့အတွက် ဒေသခံတွေ ကြောက်လန့်နေကြတယ်လို့ သိရပါတယ်။
စစ်ကောင်စီစစ်ကြောင်းတွေဟာ ရုံးထဲကိုဝင်လာတဲ့အတွက် ဒေသခံတွေက ကြောက်လန့်ပြီး တခြားနေရာကို တိမ်းရှောင်နေကြတယ်လို့ ကဇူးယန်ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“ရုံးထဲကို စစ်သားတွေဝင်လာလို့ အားလုံးအပြင်မှာ နေနေကြရတယ်။ခုနက ခဝမ်ကောင်မှာ တိုက်ပွဲဖြစ်လို့ အခုရုံးထဲမှာ စစ်သားတွေ ဝင်လာနေလိုက်ကြပြီ။ တစ်ရုံးလုံးအပြည့် စိမ်းနေတာပဲ။ ဒေသခံတွေ ထိုင်စရာနေရာတောင်မရှိဘူး။” လို့ ဆိုပါတယ်။
ဒေသခံတွေခိုလှုံနေတဲ့ နေရာမှာ စစ်ကောင်စီစစ်ကြောင်းတွေ ဝင်ရောက် နေထိုင်နေကြတာဖြစ်ပြီး ဘယ်အချိန်ပြန်ထွက်မယ် ဆိုတာကိုတော့ မသိနိုင်ဘူးလို့လည်း ဒေသခံက ဆက်လက်ပြောပါတယ်။
ကျေးရွာအတွင်းက စစ်ကောင်စီတပ်စခန်းတစ်ဝိုက်မှာ မကြာခဏဆိုသလို တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဒေသခံရွာသားတွေဟာ ဆမားဇုန်နယ်ရုံးဝင်းထဲမှာ ဝင်ရောက်နေထိုင်နေကြတာ လပိုင်းလောက်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။
ဒီမနက်ပိုင်းက ကဇူးယန်ကျေးရွာအနီးက ခဝမ်ကောင်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေတဲ့အပြင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ကလည်း ဒဘတ်ချောင်းနားမှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဝိုင်းမော်-လိုင်ဇာလမ်းကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့ကတည်းက စစ်ကောင်စီကနေ စစ်ကြောင်းထိုးနေတာဖြစ်ပြီး လက်ရှိအချိန်ထိ ကဇူးယန်ကျေးရွာအနီးက ဆမားလမ်းခွဲကို မကျော်နိုင်သေးဘဲ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။
ကဇူးယန်ဒေသခံတွေဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီတို့ ၂၀၁၁ ခုနှစ်က တစ်ကျော့ပြန်စစ်ပွဲတွေ ဖြစ်ပွားတဲ့အချိန် ၁၀ နှစ်ကျော်ကြာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာဖြစ်ပြီး ၂၀၂၃ ခုနှစ် မတ်လပိုင်းကမှ နေရပ်ကို ပြန်လည်နေထိုင်နေကြတာ ဖြစ်ပါတယ်။
အထက်ပါကျေးရွာဟာ ဝိုင်းမော်-လိုင်ဇာလမ်းပေါ်မှာ တည်ရှိတာဖြစ်ပြီး အဲဒီလမ်းတစ်လျောက်က ကျေးရွာတွေကတော့ ဝိုင်းမော်-ခါးရှိ-အင်းလေး-အောင်မြေ ၁- အောင်မြေ-၂ ရွှေညောင်ပင်- ဂါးရာယန်-ကဇူးယန်- ဒဘတ်ယန်(ဆမားလမ်းခွဲ) – ဂျာပူ- ကန်တော်ယန်- နန်ဆန်ယန် ကျေးရွာတွေ ဖြစ်ပြီးတော့ KIO လိုင်ဇာဌာနချုပ်ကတော့ နန်ဆန်ယန်ကျေးရွာ အနီးမှာ တည်ရှိတာဖြစ်ပါတယ်။
ဓါတ်ပုံ- ပုံဟောင်းဖြစ်ပါသည်။







