လွိုင်ကော်မြို့တိုက်ပွဲတွေမှာ စစ်ကောင်စီက မီးလောင်ဗုံးတွေအသုံးပြုပြီး နေအိမ်တွေကို ပစ်ခတ်ဖျက်ဆီး

216

 

ဖေဖော်ဝါရီ၊၂၂

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီက မီးလောင်ဗုံးတွေ အသုံးပြုပြီးတော့ နေအိမ်တွေကို ပစ်ခတ်ဖျက်ဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ကနေသိရပါတယ်။

စစ်ကောင်စီက အခုမီးလောင်ဗုံးတွေ တအားသုံးတယ်။ တောက်လျှောက်ကို ဒရုန်းနဲ့ချတယ်။ ပြီးတော့ တာဝေးပစ်လက်နက်ကြီးနဲ့ပစ်တယ်။ အဲဒီလက်နက်ကြီးတွေကလည်း မီးလောင်ဗုံးတွေ ဖြစ်တယ်။ ထိတာနဲ့ မီးလောင်သွားတာမျိုးတွေပေါ့။” လို့ KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးမှာရှိတဲ့ တာဝန်ရှိသူတစ်ယောက်က မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

လွိုင်ကော်မြို့ပေါ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲငယ်တွေ ရှိနေသလို စစ်ကောင်စီကတော့ ဒရုန်းနဲ့ဗုံးကြဲတဲ့အပြင် လေယာဥ်နဲ့ဗုံးကြဲတာမျိုးတွေ လက်နက်ကြီးပစ်ခတ်တာမျိုးတွေ တောက်လျှောက်လုပ်နေတယ် လို့ KNDF က ဆိုပါတယ်။

ဘယ်နှအိမ်လောက် မီးလောင်လည်းဆိုတာက တိတိကျကျ Comfirm(အတည်ပြု) ဖို့က လုပ်လို့ရမရသေးဘူး။ တချို့မီးလောင်တဲ့ နေရာတွေက စစ်ကောင်စီ နဲ့ ကျွန်တော်တို့ရဲ့ကြားမှာဖြစ်နေတဲ့အတွက် ကပ်လို့မရတဲ့ အနေထားမျိုးမှာရှိတယ်။ နေအိမ်က ကြီးကြီးမားမား မီးလောင်တာမျိုးတွေရှိတယ်။” လို့ KNDF တာဝန်ရှိသူက ဆက်လက်ပြောပါတယ်။

မနေ့က မနက်ပိုင်းမှာပဲ တိုက်ပွဲမရှိတဲ့နေရာတွေဖြစ်တဲ့ လွိုင်ကော်မြို့တွင်းက ရွှေတောင် ၊ မင်္ဂလာ ၊ ပိုးဇာခြံ စတဲ့ ရပ်ကွက်ထဲက နေရာ (၅) နေရာကို စစ်ကောင်စီက ဒရုန်း ၊ တာဝေး လက်နက်ကြီး အသုံးပြုပြီးတော့ မီးလောင်ဗုံး အသုံးပြုပစ်ခတ်ခဲ့တာကြောင့်လည်း နေအိမ်တွေ မီးလောင်ကျွမ်းခဲ့ရတယ် လို့ KNDF က ထုတ်ပြန်ထားပါတယ်။

လွိုင်ကော်မြို့မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ့ နေတိုင်းရှိနေသလို စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ နေ့တိုင်းရှိနေတာကြောင့်လည်း ပြည်သူတွေအနေနဲ့ နေအိမ်ပြန်တာတွေ မပြုလုပ်ကြဖို့ နဲ့ ပစ္စည်းပြန်သယ်ယူတာတွေကို တတ်နိုင်သမျှ ရှောင်ရှားကြဖို့လည်း တော်လှန်ရေးအဖွဲ့တွေက မေတ္တာရပ်ခံထားပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေက ကရင်နီပြည်နယ် မြို့တော်ဖြစ်တဲ့ လွိုင်ကော်မြို့ကို သိမ်းယူနိုင်ဖို့ လုပ်ဆောင်နေတာဖြစ်ပြီးတော့ စစ်ကောင်စီက တော့ လေကြောင်းနဲ့လက်နက်ကြီး တွေကို ပိုမိုအသုံးပြုပြီးတော့ ခုခံနေတာလည်း ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here