စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ရောဘတ်စစ်ရှောင်စခန်းက စစ်ရှောင်အမျိုးသား ၁၇ ဦး ပြန်လည်လွတ်မြောက်လာ

221
ရောဘတ်စစ်ရှောင်စခန်းအား တွေ့ရစဉ်။
ဓါတ်ပုံ- ရောဘတ်စစ်ရှောင်စခန်းအား တွေ့ရစဉ်။

 

မတ်၊ ၁၈

စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဗန်းမော်မြို့၊ ရောဘတ်စစ်ရှောင်စခန်းက စစ်ရှောင်အမျိုးသား ၁၇ ဦးဟာ မနေ့က မတ်လ ၁၇ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာပြီလို့ သိရပါတယ်။

အဲဒီအမျိုးသားတွေကို စစ်ကောင်စီက တော်လှန်ရေးတပ်သား ဟုတ်မဟုတ်စစ်ဆေးပြီး တစ်ပတ်ကြာ ထိန်းသိမ်းပြီးမှ ပြန်လွှတ်ပေးလိုက်တာ ဖြစ်တယ်လို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

စစ်သားထင်ပြီး မေးကြည့်တာပဲရှိတယ်လို့ ပြောကြတယ်။ တခြားမဟုတ်ဘူးတဲ့။“လို့ ဆိုပါတယ်။

၃ လလောက် ဖမ်းချုပ်ထားပြီးမှ လွှတ်ပေးမယ်လို့ ပြောဆိုမှုတွေ ရှိခဲ့ပေမဲ့ စစ်ကောင်စီတပ်ရဲ့ တာဝန်ရှိသူတွေဆီ KBC အသင်းတော်က တာဝန်ရှိသူတွေ သွားရောက်တောင်းဆို အာမခံခဲ့တာကြောင့် ပြန်လွှတ်လာကြတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဘာသာရေးဆရာတစ်ဦးနဲ့ အသက် ၁၇ နှစ်အရွယ်လူငယ်တစ်ဦးကိုတော့ မတ်လ ၁၀ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပြီး နောက်အမျိုးသားတစ်ဦးကိုလည်း မတ်လ ၁၃ ရက်နေ့မှာ လွှတ်ပေးခဲ့တဲ့အပြင် ကျန်တဲ့သူတွေကိုတော့ မနေ့က မတ်လ ၁၇ ရက်နေ့မှာ လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

ပြန်လွတ်လာတဲ့ သူတွေကို စခန်းအတွင်းကနေ တစ်လထွက်ခွင့်ပိတ်ထားတယ်လို့လည်း နောက်ထပ် ဗန်းမော်ဒေသခံတစ်ဦးက ပြောပါတယ်။

မနေ့က ကျန်တဲ့သူတွေအားလုံးကို လွှတ်ပေးလိုက်ကြပြီတဲ့။ ဖမ်းဆီခံခဲ့ကြရတဲ့ ၁၇ ဦးကို အခုလောလောဆယ် စစ်ရှောင်ခန်းမှာ တစ်လနေဖို့ ပြောထားတယ်တဲ့။”လို့ ဆိုပါတယ်။

စစ်ရှောင်စခန်းထဲကို စစ်ကောင်စီက မတ်လ ၉ ရက်နေ့ ည ၁၁ နာရီလောက်မှာ သေနတ်တွေပစ်ဖောက်ပြီး ကား ၁၀ စီး၊ ရဲနဲ့စစ်သား အယောက် ၂၀ ဝန်းကျင်လောက် ဝင်ရောက်လာခဲ့ကြတာပါ။

အဲဒီနောက် စစ်ရှောင်တွေကို စစ်ရှောင်ရုံးခန်းကို ခေါ်စုပြီးတော့ မတ်လ ၁၀ ရက်နေ့မနက် ၁ နာရီလောက်မှာ အထက်ပါ အမျိုးသား ၁၇ ဦးကို ဖမ်းခေါ်သွားကြတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်တုန်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အဲဒီစစ်ရှောင်စခန်းအတွင်းက လူတွေကို ဖမ်းခေါ်သွားပြီး နောက်နေ့မနက်မှာ ပြန်လွှတ်ပေးခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ဖူးပါတယ်။

ရောဘတ်ရှောင်စခန်းနေ ပြည်သူတွေဟာ ဗန်းမော်ခရိုင်အတွင်း လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ မြန်မာစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့ရဲ့ တစ်ကျော့ပြန်တိုက်ပွဲကြောင့် ရွာပေါင်း ၅၀ ကျော်ကနေ ရောက်ရှိလာကြတဲ့သူတွေ ဖြစ်ပါတယ်။

ဗန်းမော်မြို့အတွင်းမှာရှိတဲ့ စစ်ရှောင်စခန်း ၉ ခုထဲမှာ ရောဘတ်စစ်ရှောင်စခန်းဟာ အကြီးဆုံးစစ်ရှောင်စခန်းကြီး တစ်ခုဖြစ်ပြီး အိမ်ခြေ ၂၀၀ နီးပါးနဲ့ လူဦးရေ ၃,၂၀၀ ကျော် ရှိပါတယ်။

ဓါတ်ပုံ- ရောဘတ်စစ်ရှောင်စခန်းအား တွေ့ရစဉ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here