တိုက်ပွဲတွေကြောင့် မြစ်ကြီးနား – ပူတာအို ကားလမ်း ဖြတ်သန်းလို့မရဘဲ ပူတာအိုမြို့မှာ ကုန်ဈေးနှုန်းမြင့်တက်‌နေပြီး ပြတ်လပ်မှုပါရှိနေ

15
ဓါတ်ပုံ- ပူတာအိုမနက်ခင်းဈေးအားတွေ့ရစဉ်။

 

မတ်၊ ၁၈

တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် မြစ်ကြီးနား – ပူတာအို ကားလမ်းပိုင်း ပိတ်ထားပြီး ပူတာအိုမြို့မှာ ကားလမ်းနဲ့ အဓိကတင်သွင်းယူတဲ့ စားသောက်ကုန်တွေနဲ့ အခြားကုန်ဈေးနှုန်းတွေ မြင့်တက်နေတဲ့အပြင် ပြတ်လပ်မှုတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ဆီီကသိရပါတယ်။

ကားလမ်းပိတ်ထားတာ တစ်ပတ်ကျော်ရှိလာပြီဖြစ်ပြီး မြစ်ကြီးနားမြို့ကနေ ပူတာအိုမြို့ကို ကားနဲ့ နေ့ချင်းတင်သွင်းတဲ့ CP ကြက်လို အသားတွေနဲ့ ငါး၊ သစ်သီးဝလံတွေကအစ ဈေးမြင့်တက်နေတဲ့အပြင် ပြတ်လပ်မှုတွေလည်း ရှိလာတယ်လို့ ပူတာအိုမြို့ခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

တချို့ကုန်ခြောက်ပစ္စည်းတွေဆို ဝယ်လို့မရတော့ဘူး။ ဈေးကြီးတာထက်ကို ပိုက်ဆံရှိလို့ ဝယ်စားမယ်ဆိုရင်တောင် ဝယ်လို့မရတာတွေ အများကြီးရှိတယ်။အသားငါးတွေတော့ တော်တော်လေး ပြတ်လပ်နေပြီ။ လမ်းကြောင်းလေးဖွင့်ဖို့ပဲ ဆုတောင်းနေရတာ။” လို့ ဆိုပါတယ်။

လက်ရှိအချိန် မြို့ပေါ်က ဆိုင်ကြီးတွေမှာ ကြက်ဥဝယ်လို့မရတော့တာနဲ့ တချို့တလေ ဝယ်လို့ရတဲ့ ဆိုင်တွေမှာလည်း တစ်လုံးတစ်ထောင် ပေးဝယ်နေရတဲ့အပြင် ယုဇနလက်ဖက် တစ်ထုပ်ကို တစ်ထောင်နဲ့ သုံးလေးရာတန်ပစ္စည်းတွေလည်း တစ်ထောင်လောက်ထိ မြင့်တက်သွားတာလို့ ဆိုပါတယ်။

မြစ်ကြီးနား- ပူတာအို ကားလမ်း ပိတ်ထားကတည်းကနေ လက်ရှိအချိန်ထိ မဖွင့်သေးတဲ့အတွက် ကုန်ဈေးမြင့်တက်တာအပြင် တချို့ပစ္စည်းတွေဆိုရင် ဝယ်လို့မရတော့ဘူးလို့ နောက်ထပ် ပူတာအိုဒေသခံတစ်ဦးကလည်း အခုလို ပြောပါတယ်။

လမ်းကြောက အခုထိမပွင့်သေးတော့ ပူတာအိုဘက်မှာ ကုန်ဈေးနှုန်းကအရမ်းတက်နေတာ။ ဘိလပ်မြေတွေက တက်တာတောင်မဟုတ်တော့ဘူး ဒီမှာရှိကို မရှိတော့ဘူး။ ကုန်ပစ္စည်းတွေလည်း အကုန်ပြတ်ကုန်တော့မှာ ကားလမ်းက ပိတ်ထားတော့။” လို့ ဒေသခံက လက်ရှိအခြေအနေကို ပြောပါတယ်။

လက်ရှိ ဆန်တစ်အိတ်ကို ၁၄၀,၀၀၀ (တစ်သိန်းလေးသောင်း)ဝန်းကျင်လောက် ဈေးပေါက်နေပြီး ကားနဲ့ အဓိကတင်သွင်းယူတဲ့ ခရမ်းချဉ်သီး၊ ကြက်သွန်နီကအစ ဈေးမြင့်တက်မှုတွေ ရှိနေတာလို့ သိရပါတယ်။

ဆောက်လုပ်ရေးပစ္စည်းဈေးတွေလည်း နဂိုထက် ပိုမြင့်တက်သွားသလို ပူတာအိုမြို့ကနေ တဆင့် ထပ်ဆင့်ဝယ်ယူကြတဲ့ ဝေးလံတဲ့ဒေသဘက်မှာလည်း ပိုပြီးအခက်အခဲတွေ့နိုင်တယ်လို့ ဆိုပါတယ်။

မြစ်ကြီးနား – ဗန်းမော်လမ်းတစ်လျှောက် မတ်လ ၇ ရက်နေ့ကစ တိုက်ပွဲတွေ ပြင်းထန်လာတဲ့နောက်ပိုင်း မတ်လ ၈ ရက်နေ့ကနေ မြစ်ကြီးနား- ပူတာအို လမ်းပိုင်း ဆွမ်ပရာဘွမ်မြို့ဘက်မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

အဲဒါကြောင့် ကားလမ်းပိုင်း ဖြတ်သန်းလို့ မရတော့တာဖြစ်ပြီး ဒီကနေ့အချိန်ထိ ပြန်မဖွင့်သေးသလို ဘယ်အချိန် ပြန်ဖွင့်မယ်ဆိုတာလည်း မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဓါတ်ပုံ- ပူတာအိုမနက်ခင်းဈေးအားတွေ့ရစဉ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here