၃၇ နှစ်ကြာ လက်လွှတ်ခဲ့ရတဲ့ KIO ဌာနချုပ်ဟောင်း နာဖော့တပ်စခန်းကို KIA ပြန်လည်သိမ်းပိုက်

152
KIA စစ်သား

 

မတ်၊၂၁

ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA)ရဲ့ ဌာနချုပ်နေရာတစ်ခုဖြစ်ခဲ့တဲ့ နာဖော့စစ်ကောင်စီတပ်စခန်းကို ၃၇ နှစ်အကြာမှာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီလို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

လက်ရှိ KIO ဌာနချုပ်လိုင်ဇာမြို့ အနီးက ပါဂျောင်(Pajau)၊ လိုင်ဆင်(Lai Sin)၊ နမ်ဆန်ယန်(Nam San Yang)တပ်စခန်းအားလုံးကို ထိန်းချုပ်ထားပြီး လက်နက်ကြီးအထိုင်တပ်စခန်း တစ်ခုဖြစ်တဲ့ နာဖော့တောင်တပ်စခန်းကြီးကို မတ်လ ၁၇ ရက်နေ့ကနေ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ ဒီကနေ့(မတ်လ ၂၁)ရက်နေ့မှာတော့ အပြီးတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာလို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အတည်ပြုတာပါ။

နာဖော့တပ်စခန်းကြီးကို ၁၉၈၇ ခုနှစ်က လက်လွှတ်ခဲ့ရတာဖြစ်ပြီး ဒီကနေ့မှာတော့ အပြီးပြန်လည်သိမ်းယူနိုင်ခဲ့တာလို့ သိရပါတယ်။

စစ်အင်အားဘယ်လောက်ရှိတယ်ဆိုတာကိုတော့ မသိရှိရဘူး။ နာဖော့က အရေးကြီးတဲ့ နေရာဖြစ်တယ်။ ပါဂျောင်၊ လိုင်ဆင်၊ နမ်ဆန်ယန် အကုန်လုံးကို ထိန်းတဲ့ လက်နက်ကြီးအထိုင်တပ်စခန်းတစ်ခု ဖြစ်တယ်။ အရမ်းအရေးကြီးတဲ့ တပ်ဖြစ်တယ်။ နာဖော့တောင်က ၁၉၈၇နှစ် KIO ရဲ့ ဌာနချုပ်နေရာ တစ်ခုဖြစ်တယ်။ အဲဒါကို ၁၉၈၇နှစ်မှာ စစ်ကောင်စီတပ်က ပစ်ခတ်တိုက်ခိုက်ပြီး လက်လွှတ်ခဲ့ရတဲ့ တပ်ဖြစ်တယ်။ အဲဒါကို ခုပြန်ရရှိတာပေါ့လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

နာဖော့တပ်စခန်းကြီးအနီးအနားက တပ်စခန်းငယ်အားလုံးကိုလည်း သိမ်းပိုက်နိုင်ခဲ့တဲ့အပြင် မိုးမောက်မြို့နယ် နွမ်လန့်ကျေးရွာ အခြေစိုက် ခလရ ၄၃၈ တပ်စခန်းအပြင် ၆၁၆ ဒုံးတပ်စခန်း၊ နာဖော့တောင်အထက်ဘက်က အူဂါရှန် တပ်စခန်းတို့ကိုပါ ဒီကနေ့မှာပဲ တစ်ဆက်တည်း သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်က စစ်ကောင်စီတပ်ရဲ့ အထိုင်တပ်စခန်းကြီးတွေဖြစ်တဲ့ အင်တပ်(စ်)တောင်(N tap Bum dap)တပ်စခန်း၊ ဖွန်းပျန်တောင်(Hpun hpyen bum)၊ နမ်ဖတ်ချောင်းတံတားဂိတ်စခန်း(Nam Hpak Hka Mahkrai post)၊ မလိတပ်စခန်းကြီးအပြင် ခယာတောင်(Hkaya Bum)တပ်စခန်းကြီး အနီးအနားက ရှေ့တန်းကာကင်းစခန်းငယ် စုစုပေါင်း စခန်းကြီး/စခန်းငယ် ၃၀ လောက်ကို KIA ကနေ သိမ်းပိုက်ထားနိုင်ပြီလို့လည်း သိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here