ထိုးစစ် ၂၆ ရက်အတွင်း စစ်ကောင်စီရဲ့ စခန်းကြီး/ငယ် ၆၀ လောက် သိမ်းပိုက်ထားပြီလို့ ဗိုလ်မှူးကြီးနော်ဘူပြော

331

 

ဧပြီ၊၂

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က စတင်လိုက်တဲ့ မြစ်ကြီးနား-ဗန်းမော်လမ်းတစ်လျှောက်က ထိုးစစ် ၂၆ ရက်အတွင်း စခန်းကြီး/ငယ် ၆၀ လောက်ကို သိမ်းပိုက်နိုင်ခဲ့ပြီလို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောဆိုပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးက စစ်ကောင်စီအထိုင်တပ်စခန်းတွေနဲ့ မြစ်ကြီးနား-ဗန်းမော်လမ်းတစ်လျှောက်က စစ်ကောင်စီတပ်စခန်းတွေကို မတ်လ ၇ ရက်နေ့ကနေ KIA ဘက် တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

ထိုးစစ်ဆင်တဲ့နေ့(မတ်လ ၇)ရက်နေ့က စပြီး လက်ရှိအချိန်အထိ စစ်ကောင်စီရဲ့ စခန်းကြီး/ငယ်ပေါင်း ၆၀ ကျော်လောက် သိမ်းပိုက်ထားနိုင်ပြီလို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

အတိအကျတော့ မသိရဘူး။ ဒါပေမဲ့ ၆၀ကျော် ဟုတ်ပြီလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

နှစ်ဖက်တပ်တိုက်ပွဲအတွင်း KIO/KIAဌာနချုပ်အနီးတစ်ဝိုက်က စစ်ကောင်စီရဲ့ အထိုင်တပ်စခန်းကြီးတွေ ဖြစ်တဲ့ ဘွမ်ရေတောင်(Bumre bum)၊ အင်တပ်(စ်)တောင်(N tap Bum dap)တပ်စခန်း၊ဖွန်းပျန်တောင် (Hpun hpyen bum)၊ နမ်ဖတ်ချောင်းတံတားဂိတ်စခန်း(Nam Hpak Hka Mahkrai post)၊ မလိတပ်စခန်းကြီး၊ ခယာတောင်(Hkaya Bum)တပ် စတဲ့စခန်းကြီးအပြင် ရှေ့တန်းကာကင်းစခန်းငယ်တွေကို KIA ကနေ သိမ်းပိုက်ထားတာပါ။

ဒါ့အပြင် မတ်လ ၂၇ ရက်နေ့ကနေစပြီး မိုးမောက်-လွယ်ဂျယ်တစ်ကြောက စခန်းငယ်တွေကို စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ရဲ့ အရေးကြီးတဲ့ တပ်စခန်းကြီးနှစ်ခုဖြစ်တဲ့ စိန်လုံတပ်စခန်းကြီးနဲ့ ယောယုံတပ်စခန်းကြီးအပြင် လော့မွန် (Lawmun)၊ လော့ဒန်(Lawdan)၊ ရှန်တိုင်(Shangtai)၊ ဖလန်း(Hpalang Bum) အစရှိတဲ့ စခန်းကြီး/ငယ် စုစုပေါင်း ၁၃ ခုကို KIA ကနေ သိမ်းပိုက်ထားနိုင်ပြီလို့ သိရပါတယ်။

စိန်လုံတောင် တပ်စခန်းကြီးဟာ လွယ်ဂျယ်-ဗန်းမော်လမ်းပိုင်းကို အဓိက ထိန်းချုပ်ထားတဲ့ တပ်စခန်းတစ်ခု ဖြစ်တဲ့အပြင် မိုင်ဂျာယန်အတွင်းက KIA တပ်မဟာ ၃ ဘက်ကို လက်နက်ကြီးပစ် ခြိမ်းခြောက်နေတဲ့ တပ်စခန်းတစ်ခု ဖြစ်တယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူရဲ့ ပြောပြချက်အရ သိရပါတယ်။

လက်ရှိအချိန်အထိလည်း KIAဘက်က ထိုးစစ်ဆင်တိုက်ပွဲတွေ အရှိန်လျော့သွားတာမျိုးမရှိသေးဘဲ ဆက်တိုက်ဖော်ဆောင်နေတာကိုလည်း တွေ့ရှိရပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here