ဖားကန့်မှာ စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် ပြည်သူနှစ်ဦးထိခိုက်

193
ဓါတ်ပုံ- ဆိုင်းတောင်ရဲစခန်းကုန်းအားတွေ့ရစဉ်။

မေ၊၂

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရပ်ကွက်/ကျေးရွာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီသားတွေ တိုက်ခံရပြီးနောက် ဆိုင်းတောင်ရဲစခန်းကနေ လက်နက်ကြီး ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် ပြည်သူနှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဖားကန့်တပ်မကုန်းကနေ ဆိုင်းတောင်ဘက် အင်အား ၃၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို KIA ပူးပေါင်းတပ်တွေက‌နေ မနေ့ မေလ ၁ ရက်နေ့ ၅ နာရီလောက်က ဒရုန်းနဲ့ သုံးကြိမ်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီလို တိုက်ခိုက်ခံရပြီးတဲ့နောက် ဆိုင်းတောင် ရဲစခန်းကနေ လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ KIA နဲ့ နီးစပ်တဲ့ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ဖားကန့်တပ်မကုန်းကနေ ဆိုင်းတောင်ဘက် စစ်ကြောင်းထိုးလာတာ။ အဲဒီမှာ PDF တွေ ဒရုန်းသွားချတာ။ ဆိုင်းတောင်ရဲစခန်းက လက်နက်ကြီးပစ်လို့ ပြည်သူတွေရဲ့ အိမ်မှာကျတာ။လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

ဆိုင်းတောင်ရပ်ကွက် ၁ က နေအိမ်တစ်အိမ်မှာ အထက်ပါ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ဦးထွန်းဆိုသူ အမျိုးသားတစ်ဦးနဲ့ ဒေါ်အိမာဆိုသူ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ပြီး အသက်အန္တာရယ် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

ဆိုင်းတောင်တံတားထိပ်ဘက်မှာ ပစ်ခတ်သံတွေ ကြားခဲ့ရပြီး စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် စမ်းသီတာ(ဆိုင်းတောင်ရပ်ကွက် ၁ )ဘက်မှာ လူထိခိုက်မှုရှိခဲ့တယ်လို့ နောက်ထပ် ဆိုင်းတောင်ဒေသခံ အမျိုးသမီးတစ်ဦးရဲ့ ပြောချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့ကလည်း ဆိုင်းတောင်ရပ်ကွက်/ကျေးရွာဘက် ဆင်းလာတဲ့ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေကို KIA ပူးပေါင်း အဖွဲ့ကနေ ပစ်ခတ်ဖမ်းဆီးခဲ့တာကြောင့် ၂ ဦး သေဆုံးခဲ့ပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here