မေ၊၁၀
တိုက်ပွဲတွေ ရှေ့ဆက်ဘယ်လို ဖြစ်လာနိုင်တယ်ဆိုတာ ခန့်မှန်းပြောဆိုဖို့ခက်တဲ့အတွက် ပြည်သူလူထုအနေနဲ့ သတိထားဖို့နဲ့ လွတ်လပ်ရေးပန်းတိုင်ရောက်အောင် ပူးပေါင်းပါဝင်ကြဖို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက တိုက်တွန်းပြောကြားပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ KIO/KIA ဘက်က အောင်ပွဲတွေ ရနေတာဟာ ပြည်သူလူထုရဲ့ ကူညီပံ့ပိုးမှုတွေကြောင့်လည်း ပါဝင်တဲ့အပြင် ရှေ့ဆက်ပြီး လွတ်လပ်ရေးပန်းတိုင်ရအောင် ကြိုးစားပါဝင်ဖို့ တိုက်တွန်းလိုကြောင်း ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
“တစ်ဖက်မှာ KIA တပ်မတော် တိုက်ပွဲနိုင်နေသလို ပြည်သူတွေရဲ့ ကူညီပံ့ပိုးမှုလည်း အများကြီးရတယ်။ အဲဒါကြောင့်လည်း ပါတယ်။ ဆက်ပြီးတော့လည်း တိုက်ပွဲတွေ ဘယ်လိုဖြစ်လာမယ်ဆိုတာ မပြောနိုင်ဘူး မခန့်မှန်းနိုင်ဘူး။ ဒါကြောင့် သတိထားရမယ်။ ဆက်ပြီးတော့လည်း လွပ်လပ်ရေးပန်းတိုင်ရောက်အောင် ပြည်သူတွေအနေနဲ့လည်း ပူးပေါင်းပါဝင်ကြစို့လို့ အားပေးချင်တယ်“လို့ ဆိုပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးက စစ်ကောင်စီအထိုင်တပ်စခန်းတွေနဲ့ မြစ်ကြီးနား-ဗန်းမော်လမ်းတစ်လျှောက်က စစ်ကောင်စီတပ်စခန်း အချို့ကို မတ်လ ၇ ရက်နေ့က KIA ဘက်နေ တစ်ပြိုင်နက် ထိုးစစ်ဆင် စတင်ခဲ့ပါတယ်။
ထိုးစစ်ဆင်တဲ့နေ့(မတ်လ ၇)ရက်နေ့က စပြီး ဒီကနေ့ အထိ မြစ်ကြီးနား-ဗန်းမော်-လွယ်ဂျယ်လမ်းတစ်လျှောက် အပြင် တစ်ခြား တပ်မဟာ(၁)ဘက်နဲ့ တပ်မဟာ(၉)အစရှိတဲ့ နေရာတွေဘက်ကပါ ပေါင်းရင် သိမ်းပိုက်ထားနိုင်တဲ့ စစ်ကကောင်စီတပ်စခန်းကြီး/ငယ် အားလုံးပေါင်းဟာ ၈၀ ဝန်းကျင်ရှိပြီလို့ ဗိုလ်မှူးကြီးနော်ဘူရဲ့ အတည်ပြု ပြောပြချက်အရ သိရပါတယ်။
ဒါ့အပြင် လက်ရှိအချိန်မှာတော့ ဝိုင်းမော်မြို့နယ်၊ မံစီမြို့နယ်နဲ့ မိုးမောက်မြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ထိုးစစ်နှစ်လအတွင်းမှာ KIO/KIA ဌာနချုပ်လိုင်ဇာ အနီးအနားက စစ်ကောင်စီရဲ့ စစ်ရေးအရ အရေးပါတဲ့ ခယာဘွမ်၊ ဖွမ်းပျန်ဘွမ်၊ အင်တက်ဘွမ်၊ မလိ အစရှိတဲ့ တပ်စခန်းကြီး အားလုံးကိုလည်း KIAကနေ သိမ်းပိုက်ရရှိခဲ့ပါတယ်။
မတ်လ ၂၇ ရက်နေ့ကနေစပြီး မိုးမောက်-လွယ်ဂျယ်တစ်ကြောက ခန်းငယ်တွေကို စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ရဲ့ အရေးကြီးတဲ့ တပ်စခန်းကြီးနှစ်ခုဖြစ်တဲ့ စိန်လုံတပ်စခန်းကြီးနဲ့ ယောယုံတပ်စခန်းကြီးအပြင် လော့မွန် (Lawmun)၊ လော့ဒန်(Lawdan)၊ ရှန်တိုင်(Shangtai)၊ ဖလန်း(Hpalang Bum) အစရှိတဲ့ စခန်းကြီး/ငယ် စုစုပေါင်း ၁၃ ခုကို KIA ကနေ သိမ်းပိုက်ထားနိုင်ပြီလည်း ဖြစ်ပါတယ်။
အထက်ပါ စခန်းတွေသာမက ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ တရုတ်နယ်စပ် လွယ်ဂျယ်မြို့ကိုပါ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA)ကနေ ထိန်းချုပ်ထားနိုင်ပြီလည်းဖြစ်ပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)ကနေ ၇ နှစ်ကျော်ကြာ လက်လွှတ်ခဲ့ရပြီး စစ်ရေးအရ အရေးပါတဲ့ ဝိုင်းမော်မြို့နယ်အတွင်းက ဂိဒေါန်(Gi Don)တပ်စခန်းကြီးနဲ့ အနီးအနားက တပ်စခန်းတွေကိုလည်း မေလ ၄ ရက်နေ့ကနေ စတင်တိုက်ခဲ့ပြီး တိုက်ပွဲနှစ်ရက်အကြာမှာ စခန်းပေါင်း ၁၀ ခုကျော်ကို ပြန်လည် သိမ်းယူနိုင်ခဲ့ပါတယ်။
မေလ ၇ ရက်နေ့ မနက်ပိုင်းမှာလည်း ဗန်းမော်- မန္တလေးလမ်းမပေါ်က အရေးကြီး တံတားတစ်စင်းဖြစ်တဲ့ ဧရာဝတီတံတား(စင်းခန်း)စောင့် စခန်းအပြင် မံစီမြို့မ ရဲစခန်းနဲ့ မန်ရွက်က စခန်းငယ်တစ်ခုကို KIA တပ်ပေါင်းစုတွေကနေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
KIA ဘက်က စတင်လိုက်တဲ့ ထိုးစစ်ဆင်တိုက်ပွဲတွေ လက်ရှိအချိန်အထိလည်း အရှိန်လျော့သွားတာမျိုး မရှိသေးဘဲ တိုက်ပွဲတွေ ဆက်တိုက်ဖော်ဆောင်နေတာကိုလည်း တွေ့ရှိရပါတယ်။







