ကျောင်းဖွင့်ချိန်နီးလာပြီ ဖြစ်တဲ့အတွက် နောင်းချိန်းအထက်တန်းကျောင်းမှာ ခိုလှုံနေတဲ့ စစ်ရှောင်တွေကို နေရာပြောင်းရွှေ့ဖို့ စီစဉ်ဆောင်ရွက်နေပြီး အကူအညီတွေ လိုအပ်နေ

81

 

မေ၊၁၀

ကျောင်းဖွင့်ချိန်နီးလာပြီဖြစ်တဲ့အတွက် နောင်းချိန်းအထက်တန်းကျောင်းမှာ ခိုလှုံနေတဲ့ စစ်ရှောင်တွေကို တစ်ပတ်အတွင်း နေရာပြောင်းရွှေ့ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အဲဒီလိုစီစဉ်ဆောင်ရွက်ရာမှာ နေအိမ်ဆောင်တန်းလျားနဲ့ အိမ်သာတွေအမြန်ဆုံး လိုအပ်နေပြီး ငွေကြေးမလုံလောက်တဲ့အတွက် လုပ်ငန်းအမြန် မလုပ်ဆောင်နိုင်ဘူးလို့ နောင်းချိန်းစစ်ရှောင်စခန်းတာဝန်ခံက ပြောပါတယ်။

ကျောင်းဖွင့်တော့မှာဆိုတော့ ကျောင်းကော်မတီအဖွဲ့ကလည်း ပြောလာပြီ။ အိမ်သာလည်းအမြန်ရအောင် ICRC မှာလည်း အကူညီတောင်းခံထားတယ်။ KBC မှာလည်း အကူညီတောင်းခံထားတယ်။ ဝန်ကြီးချုပ်ကလည်း လုပ်ပေးမယ်ပြောတယ်။ ဒါပေမဲ့အခုက အားလုံးစောင့်နေကြတယ်။လို့ အထက်ပါတာဝန်ခံက ဆိုပါတယ်။

ဒီလကုန်ပိုင်းလောက်ကစပြီး ကျောင်းသားလက်ခံတော့မှာ ဖြစ်တာကြောင့် ကျောင်းဝင်းအတွင်း ခိုလှုံနေကြတဲ့ စစ်ရှောင်တွေအနေနဲ့ အမြန်ရွှေ့ပြောင်းဖို့လိုအပ်ပြီး အိမ်သာနဲ့ အိမ်ဆောင်တန်းတွေ မဆောက်လုပ်ပြီးသေးတဲ့အတွက် အချိန်နှောင့်နှေးနေရတယ်လို့ ဆိုပါတယ်။

အိမ်ထောင်စု ၄၈၅ စုအတွက် အိမ်သာစုစုပေါင်း ၉၇ လုံးလိုအပ်ပြီး လတ်တလောမှာ ချေးငှားပြီးတော့ အိမ်သာ ၁၀ ခုကို ဆောက်လုပ်ထားပြီလို့လည်း ဆက်လက်ပြောပါတယ်။

နေအိမ်အဆောင်တန်းတစ်တန်းမှာ အိမ်ထောင်စု ၅ စုစီ နေထိုင်ရမှာဖြစ်ပြီး အဲဒီ အိမ်ထောင်စု ၅ စု အသုံးပြုဖို့တွက် အိမ်သာတစ်လုံးနှုန်း ခွဲတမ်းချပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

နောင်းချိန်ကျေးရွာဘက်ကို ပြောင်းရွှေ့လာကြတဲ့ နေရပ်စွန့်ခွာပြည်သူတွေဟာ နေ့စဉ်နဲ့အမျှ တိုးလာတာဖြစ်တဲ့အတွက် နေအိမ်အဆောင်တန်းလျားတွေနဲ့ အိမ်သာတွေ အမြန်လိုအပ်နေတာပါ။

စစ်ရှောင်ပြည်သူတွေ များတဲ့အတွက် ကျေးရွာအလိုက် စစ်ရှောင်စခန်း A, B,C ဆိုပြီး သတ်မှတ်နေရာစီစဉ်ပေးနေပြီးတော့ စခန်း A, B အဖွဲ့အတွက် အိမ်ဆောင်တန်းတွေပြီးလာပြီဖြစ်ပေမဲ့ စခန်း C အဖွဲ့တွေအတွက် အိမ်ဆောက်ဖို့ ခြံရှင်းလင်းနေတဲ့အခြေအနေပဲ ရှိသေးတယ်လို့ဆိုပါတယ်။

နောင်းချိန်းကျေးရွာပိုင်ဝင်းမှာ စစ်ရှောင်စခန်း A စစ်ရှောင်တွေအတွက်နေရာချပေးထားကာ နောင်းချိန်းအထက်တန်းကျောင်းနောက်မှာရှိတဲ့ ဦးနော်နော်ရဲ့ ခြံဝင်းမှာ စစ်ရှောင်စခန်း B တည်ရှိမှာဖြစ်ပြီး စစ်ရှောင်စခန်း C ကိုတော့ သင်းအုပ်ဆရာလကြိတ်ရဲ့ ခြံဝင်း(ဧရာဝတီမြစ်နံဘေး)မှာ နေရာချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ရွာအတွင်းက နီးစပ်ရာဆွေးမျိုး အသိုင်းအဝိုင်းတွေဆီမှာ သွားရောက်ခိုလှုံနေတဲ့ ဝူယန်နဲ့ လမြန်ကျေးရွာက တိမ်းရှောင်လာတဲ့ အိမ်ထောင် ၂၄ စုအတွက်လည်း စစ်ရှောင်စခန်းအတွက် လာလှူတာတွေကို ခွဲဝေးပေးတာမျိုးတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

နောင်းချိန်းစစ်ရှောင်စခန်းမှာ ခိုလှုံနေနေကြတဲ့ ကျောင်းတက်ရမယ့် စစ်ရှောင်ကျောင်းသူကျောင်းသားစုစုပေါင်း ၂၅၂ ယောက်ကိုလည်း မိမိတက်ရမယ့် အတန်းအလိုက်တက်နိုင်အောင် ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။

ဝန်ကြီးချုပ်(စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ်)က တွေ့ဆုံတဲ့အချိန်တုန်းကတော့ လာပြောထားကြတယ်။ ကျောင်းအားလုံးတက်နိုင်မှာပါ။ လိုအပ်တာတွေကူညီမှာပါဆိုပြီး လူမှုဝန်ကြီးလည်း ပြောတာဟုတ်တယ်။ လို့ လည်း တာဝန်ခံက ဆိုါ့တယ်။

စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က ပြည်နယ်အတွင်းရှိ စစ်ရှောင်တွေအားလုံး စစ်ရှောင်စခန်းမှာ မိုးလုံလေလုံနေနိုင်အောင် မိုးတွင်းမဝင်ခင် အိမ်ဆောင်တန်းတွေ ဆောက်လုပ်နိုင်အောင် စီစဉ်နေကြောင်းနဲ့ စစ်ရှောင်တိုင်း ဆန်လည်း မပျက်ရလေအောင် လှူဒါန်းဖို့ စီစဉ်နေကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ရေတွင်းနဲ့ အစားအစာတွေလည်း လိုအပ်နေသေးတဲ့အတွက် ဆက်လက်ကူညီထောက်ပံ့ပေးကြဖို့လည်း မေတ္တာရပ်ခံကြောင်း စစ်ရှောင်တွေအားလုံးကိုယ်စား စစ်ရှောင်စခန်းတာဝန်ခံက ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ကနေ မြစ်ကြီးနား-ဗန်းမော်လမ်းက စစ်ကောင်စီရဲ့ တပ်စခန်းတွေကို မတ်လ ၇ ရက်နေ့က ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ဝိုင်းမော်-လိုင်ဇာလမ်းပေါ်က ဂါးရာယန်၊ ရွှေညောင်ပင်၊ အောင်မြေ(၂)၊ အောင်မြေ (၁)၊ ခါးရှိ၊ အင်းလေး စတဲ့ကျေးရွာ ဒေသခံတွေဟာ နောင်းချိန်းကျေးရွာကို စစ်ရှောင်လာကြတာ ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here