\မေ၊၁၆
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ နမ်ဗျူနမ်ခမ်ကျေးရွာအတွင်းက စစ်ကောင်စီတပ်စခန်းကြီးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်တွေကနေ ဒီကနေ့ မေလ ၁၆ ရက်နေ့ မနက် ၇ နာရီခွဲမှာ အပြီးတိုက်ခိုက် သိမ်းပိုက်နိုင်ပြီလို့ ဒေသခံ သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
ရှဒူးဇွပ်ကျေးရွာဘက်က စစ်ကောင်စီရဲ့ ခလရ ၂၉၇ တပ်သားတွေနဲ့ ၂၆၀ တပ်က တပ်သားတွေ ပေါင်းထိုင်နေတဲ့ အထက်ပါ တပ်စခန်းကို KIA ပူးပေါင်းတပ်ဘက်က မေလဒုတိယအပတ်လောက်ကနေ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် အထက်ပါ စစ်ကောင်စီတပ်စခန်းကြီး သိမ်းပိုက်နိုင်ဖို့အရေး ထိုးစစ်တစ်ပတ်လောက်အချိန် ကြာမြင့်ခဲ့ပြီးနောက် ဒီကနေ့မနက်မှာတော့ အပြီးတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ ဒေသခံသတင်းအရင်းအမြစ်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
“ထိုးစစ်ဆင်တိုက်တာ တစ်ပတ်လောက်ရှိပြီ ။ နှစ်ရက်လောက် ပြန်နားလိုက်နဲ့ ဒီမနက်ပြန် စတာပေါ့“လို့ ပြောပါတယ်။
ဒီကနေ့မနက် တိုက်ပွဲအတွင်း တနိုင်းစစ်ကောင်စီတပ်ကလည်း လက်နက်ကြီးတွေ ဆက်တိုက်ပစ်ကူသလို မြစ်ကြီးနားဘက်ကလည်း လေယာဉ်နဲ့ လာရောက်ပစ်ကူမှု ကြားကနေ စစ်ကောင်စီဘက်က စခန်းလက်လွှတ်လိုက်ရတာလည်း ဖြစ်ပါတယ်။
အဲဒီ စစ်ကောင်စီတပ်စခန်းကြီးဟာ တပ်ရင်းနှစ်ခု စုပေါင်းထိုင်ထားတဲ့အတွက် စစ်ကောင်စီတပ်သား အင်အား ၄၀ ထက်မနည်း ရှိတယ်လို့ ဆိုပါတယ်။
ဒီကနေ့မနက် KIA ကနေ သိမ်းပိုက်နိုင်ခဲ့တဲ့ အထက်ပါ နမ်ဗျူနမ်ခမ် စစ်ကောင်စီတပ်စခန်းကြီးဟာ ၂၀၁၉ ခုနှစ် နောက်ပိုင်းကနေ စတင်စခန်းချထားတာ ဖြစ်တယ်လို့ သိရပါတယ်။
တနိုင်းမြို့ကနေ နေ့ချင်းပြန်သွားလာလို့ရတဲ့ နမ်ဗျူနမ်ခမ်ကျေးရွာဟာ ရွှေမှော်ဒေသတစ်ခုလည်း ဖြစ်ပါတယ်။







