KIA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ကျောင်းဖွင့်နိုင်ရေး KIO ပညာရေးဌာနက စတင်စီစဉ်နေ

107
အင်ဂျန်းယန်မြို့နယ်၊ KIO ထိန်းချုပ်နယ်မြေအတွင်းက ကျောင်းတစ်ကျောင်းအား မြင်တွေ့ရစဉ်။

 

မေ၊၁၅

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ကျောင်းဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်မှုတွေ စတင်နေပြီလို့ သိရပါတယ်။

KIA ထိန်းချုပ်ထားနိုင်တဲ့ မြို့နယ်/ကျေးရွာတွေမှာ လိုအပ်နေတဲ့ ကျောင်းကြီးကျောင်းငယ် ၃၀၀ နီးပါးရှိပြီး ကလေးတွေ ပညာရေးမှာ နစ်နာမှုမရှိအောင် KIO ပညာရေးဌာနကနေ တာဝန်ယူပြီး ကျောင်းဖွင့်နိုင်ရေး စီစဉ်နေကြပြီ ဖြစ်တယ်လို့ KIO/KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ဘယ်ကျောင်းမှာ ဘယ်လိုဖွင့်မယ်ဆိုတာတွေ၊ ကျောင်းဆရာတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို ပညာရေးဌာနက တာဝန်ယူပြီး ဖြေရှင်းနေတာတော့ ဟုတ်တယ်။ ဘယ်အချိန် ဖွင့်မယ်၊ ဘယ်ကျောင်းမှာ ဘယ်လိုဖွင့်မယ်ဆိုတာ ကျောင်းတစ်ခုနဲ့တစ်ခု အကြောင်းကိုတော့ အသေးစိတ်တော့ မရသေးဘူး။ လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

မကြာသေးမီက KIA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာအုပ်စု တာမခန်ကျေးရွာမှာလည်း KIO ပညာရေးစနစ်နဲ့ ကျောင်းဖွင့်မယ့်အကြောင်း အစည်းအဝေးခေါ်ပြီး ပြောဆိုထားပေမဲ့ စီစဉ်တာတော့ မရှိသေးဘူးလို့ ဒေသခံတစ်ဦးရဲ့ ပြောချက်အရ သိရပါတယ်။

မြစ်ကြီးနားခရိုင်၊အင်းဂျန်ယန်မြို့နယ်မှာလည်း ၂၀၂၄-၂၅ ပညာသင်နှစ်ကိုတော့ KIO ပညာရေးစနစ်နဲ့ စတင်တော့မှာ ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပြီး KIO ကျောင်းတွေအဖြစ် တည်ရှိတော့မှာ ဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို ဖြေကြားထားပါတယ်။

လက်ရှိ KIA ရဲ့ ထိုးစစ်တွေအတွင်းမှာ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့အပြင် မြစ်ကြီးနားမြို့နယ်အတွင်းက အင်ဂျန်းယန်မြို့၊ ဆင်ဘိုမြို့နဲ့ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ တရုတ်နယ်စပ် လွယ်ဂျယ်မြို့တို့ကို KIA ဘက်က သိမ်းယူနိုင်ခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့ကိုတော့ ဇန်နဝါရီလအတွင်းက သိမ်းယူနိုင်ခဲ့တာပါ။ အဲဒီလို သိမ်းယူနိုင်ခဲ့တဲ့ မြို့တချို့မှာ KIO/KIA ကနေ အုပ်ချုပ်ရေးယန္တရားဆိုင်ရာတွေကို ချမှတ်နိုင်ပြီဖြစ်သလို တချို့မြို့တွေမှာတော့ ချမှတ်နေဆဲကာလဖြစ်တယ်လို့ KIO/KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို ဖြေကြားထားပါတယ်။

ဒါ့အပြင် ဖားကန့်မြို့နယ်အတွင်းက တာမခန်ကျေးရွာကို KIA က သိမ်းပိုက်ထိန်းချုပ်ထားပြီး ကချင်နဲ့ရှမ်းမြောက်က စစ်ကောင်စီရဲ့ စခန်းအများအပြားကိုလည်း သိမ်းပိုက်ထားပါတယ်။

အခြားမြို့အချို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေ တပ်ဆုတ်တာတွေလည်းရှိနေပြီး မြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရေး ဆက်လက်တိုက်ခိုက်နေမှုတွေလည်း ရှိနေပါတယ်။

ပုံစာ- အင်ဂျန်းယန်မြို့နယ်၊ KIO ထိန်းချုပ်နယ်မြေအတွင်းက ကျောင်းတစ်ကျောင်းအား မြင်တွေ့ရစဉ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here