မေ၊၂၁
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ စတင်လိုက်တဲ့ မြစ်ကြီးနား-ဗန်းမော်လမ်းတစ်လျှောက်က ထိုးစစ် နှစ်လကျော်အတွင်း စစ်ကောင်စီရဲ့ စခန်းကြီး/ငယ် ၉၀ နီးပါးကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီလို့ KIO/KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးက စစ်ကောင်စီအထိုင်တပ်စခန်းတွေနဲ့ မြစ်ကြီးနား-ဗန်းမော်လမ်းတစ်လျှောက်က စစ်ကောင်စီတပ်စခန်း အချို့ကို မတ်လ ၇ ရက်နေ့ကနေ KIA ဘက်နေ တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ထိုးစစ်ဆင်တဲ့နေ့ မတ်လ ၇ ရက်နေ့က စပြီး ဒီကနေ့အထိ မြစ်ကြီးနား-ဗန်းမော်-လွယ်ဂျယ်လမ်းတစ်လျှောက် အပြင် တစ်ခြား တပ်မဟာ ၁ နဲ့ တပ်မဟာ ၉ အစရှိတဲ့ နေရာတွေဘက်ကပါ ပေါင်းရင် စစ်ကကောင်စီတပ်စခန်းကြီး/ငယ် ၉၀ နီးပါး သိမ်းပိုက်ထားနိုင်ပြီလို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
” ၈၀ကျော်၊ ၉၀ နီးပါးတော့ ရှိပြီ “ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပါတယ်။
မတ်လ ၂၇ ရက်နေ့ကနေစပြီး မိုးမောက်-လွယ်ဂျယ်တစ်ကြောက စခန်းငယ်တွေကို စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ရဲ့ အရေးကြီးတဲ့ တပ်စခန်းကြီးနှစ်ခုဖြစ်တဲ့ စိန်လုံနဲ့ ယောယုံအပြင် လော့မွန် (Lawmun)၊ လော့ဒန်(Lawdan)၊ ရှန်တိုင်(Shangtai)၊ ဖလန်း(Hpalang Bum) အစရှိတဲ့ စခန်းကြီး/ငယ် စုစုပေါင်း ၁၃ ခုကို KIA ကနေ သိမ်းပိုက်ထားနိုင်ပြီလည်း ဖြစ်ပါတယ်။
အထက်ပါ စခန်းတွေသာမက KIA ရဲ့ထိုးစစ်တွေအတွင်းမှာ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့အပြင် မြစ်ကြီးနားမြို့နယ်အတွင်းက အင်ဂျန်းယန်မြို့၊ ဆင်ဘိုမြို့နဲ့ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ တရုတ်နယ်စပ် လွယ်ဂျယ်မြို့တို့ကို KIA က သိမ်းယူနိုင်ခဲ့ပါတယ်။ ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့ကိုတော့ ဇန်နဝါရီလအတွင်းက သိမ်းယူနိုင်ခဲ့တာပါ။
ဒါ့အပြင် ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)ကနေ ၇ နှစ်ကျော်ကြာ လက်လွှတ်ခဲ့ရပြီး စစ်ရေးအရ အရေးပါတဲ့ ဝိုင်းမော်မြို့နယ်အတွင်းက ဂိဒေါန်(Gi Don)တပ်စခန်းကြီးကိုလည်း မေလ ၄ ရက်နေ့ကနေ စတင်တိုက်ခဲ့ပြီး တိုက်ပွဲနှစ်ရက်အကြာမှာ ပြန်လည် သိမ်းယူနိုင်ခဲ့ပါတယ်။
ဂိဒေါန်တပ်စခန်းကြီး အနီးအနားက တပ်စခန်းတွေဖြစ်တဲ့ ဆမားကုန်း၊ ပုန်းလိမ်၊ ကဂမ်၊ အင်ခရမ်တို့ကိုပါ သိမ်းပိုက်နိုင်တာလို့ သိရပါတယ်။
မေလ ၇ ရက်နေ့ မနက်ပိုင်းမှာလည်း ဗန်းမော်- မန္တလေးလမ်းမပေါ်က အရေးကြီး တံတားတစ်စင်းဖြစ်တဲ့ ဧရာဝတီတံတား(စင်းခန်း)စောင့် စခန်းအပြင် မံစီမြို့မ ရဲစခန်းနဲ့ မန်ရွက်က စခန်းငယ်တစ်ခုကို KIA တပ်ပေါင်းစုတွေကနေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ဝိုင်းမော်မြို့နဲ့ အနီးဆုံးဖြစ်တဲ့ စစ်ကောင်စီတပ်စခန်းတွေကို မေလ ၁၈ ရက်နေ့ကနေ စပြီး KIA ကနေ တစ်ပြိုင်နက် ထိုးစစ်ဆင်မှု ပြန်လည်စတင်ခဲ့ပြီး စစ်ကောင်စီရဲ့ တပ်စခန်းကြီး နှစ်ခုဖြစ်တဲ့ လုံဇက်ကောင်နဲ့ ကဇူးတပ်စခန်းကြီးတို့ကို တိုက်ပွဲနှစ်ရက်အတွင်း အပြီးသိမ်းနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ဝိုင်းမော်မြို့အနီးက အူထောင်ဘွမ်တပ်စခန်းနဲ့ ခါးရှိ၊ အောင်မြေ ၁၊ အောင်မြေ ၂ ကျေးရွာအတွင်းက အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းတွေမှာ စခန်းချ နေထိုင်နေတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း အပြီးရှင်းထုတ်နိုင်ခဲ့ပြီလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
KIA ဘက်က စတင်လိုက်တဲ့ ထိုးစစ်ဆင်တိုက်ပွဲတွေ လက်ရှိအချိန်အထိလည်း အရှိန်လျော့သွားတာမျိုး မရှိသေးဘဲ ဆက်တိုက်ဖော်ဆောင်နေတာကိုလည်း တွေ့ရှိရပါတယ်။







