မေ၊၂၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ စစ်ကောင်စီက ည ၁၀ နာရီနောက်ပိုင်းအပြင်ထွက်မရ အမိန့်ထုတ်ပြန်ထားပြီး လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးဖမ်းဆီးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ည ၁၀ နောက်ပိုင်းအပြင်မထွက်ဖို့ စစ်ကောင်စီက မြစ်ကြီးနားမြို့အတွင်းမှာရှိတဲ့ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို တရားဝင်စာထုတ်ပြန်ပြီး ပို့တယ်လို့ ကြားသိရကြောင်း မြစ်ကြီးနားမြို့ခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“အခြေအနေက ဘယ်လိုလဲဆိုတော့ မာရှယ်လောထုတ်တာပေါ့။ ၁၀ နောက်ပိုင်းက ပစ်မယ်တဲ့။ မနေ့တစ်နေ့လား မသိဘူး။ တရားဝင်စာထုတ်တယ်တဲ့။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆီ အကုန် ရောက်တယ်တဲ့။”လို့အထက်ပါ မြစ်ကြီးနား မြို့ခံက ပြောပါတယ်။
မြစ်ကြီးနားမြို့ရဲ့ တစ်ဖက်ကမ်း ဝိုင်းမော်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီတို့ မတ်လ ၁၈ ရက်နေ့ ကတည်းက တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပြီး မြစ်ကြီးနားမြို့မှာရှိတဲ့ အမြောက်တပ်ကနေ တိုက်ပွဲတွေဖြစ်ပွားတဲ့ဘက် လက်နက်ကြီးတွေ နေ့ရောညပါ ပစ်ကူနေတာပါ။
လက်ရှိတိုက်ပွဲအခြေအနေဟာ ဝိုင်းမော်မြို့နဲ့ အနီးဆုံးကို ရောက်ရှိနေပြီး ဝိုင်းမော်ရဲစခန်းလည်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့အထိ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ ဒါ့ကြောင့် ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ မြစ်ကြီးနားမြို့မှာ အထက်ပါအတိုင်း လုံခြုံရေးတင်းကျပ်တာတွေ လုပ်ဆောင်နေတာဖြစ်တယ်လို့လည်း ဒေသခံတွေက သုံးသပ်ကြပါတယ်။
မြစ်ကြီးနားမြို့က စစ်ကောင်စီတပ်စခန်း၊ လေတပ်စခန်းတွေနဲ့ နီးတဲ့ ရပ်ကွက်တွေက ဒေသခံတွေအနေနဲ့လည်း မြစ်ကြီးနားမြို့ပေါ် က အသိမိတ်ဆွေ၊ဆွေမျိုးတွေမှာ သွားရောက် တိမ်းရှောင် ခိုလှုံနေကြတယ်လို့လည်း သိရပါတယ်။
မြစ်ကြီးနားမြို့ဘက်လည်း စစ်ဖြစ်လာမှာကို စိုးရိမ်နေပြီး စစ်ဖြစ်လာရင် ကျန်းမာရေးမကောင်းတဲ့ အမေအတွက် စိုးရိမ်တယ်လို့ မြစ်ကြီးနား မြို့ခံ အမျိုးသမီးတစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်ကို ပြောပါတယ်။
“အမေဆိုရင် ကျောက်ကပ်ဆေးနေရတော့ ဆေးရုံပဲ သွားရတယ်။ ဝိုင်းမော်မှာဆိုလည်း ဆေးရုံက လူနာတွေ အကုန်လုံးဆင်းခိုင်းပြီးမှ တပ်စွဲထားတယ်ဆိုတော့ မြစ်ကြီးနားဘက်လည်း မဖြစ်လာဘူးလို့ မပြောနိုင်ဘူး။ ”လို့ အထက်ပါ အမျိုးသမီးက ပြောပါတယ်။
ဒါ့အပြင် မြစ်ကြီးနားမြို့မှာ စစ်ကောင်စီတပ်က ယာဉ်ထိန်းရဲတွေနဲ့ ပေါင်းပြီးရှောင်တခင် စစ်ဆေးမှုတွေ ပြုလုပ်နေပြီး အဖမ်းခံရတဲ့ လူတွေလည်း ရှိနေပြီး လက်ရှိအခြေအနေမှာ မြို့ခံပြည်သူတွေလည်း စိုးရိမ်မှုတွေနဲ့ နေထိုင်နေရပါတယ်။
မနေ့ မေလ ၂၀ ရက်နေ့က ဝိုင်းမော်မြို့၊ ခတ်ချိုကျေးရွာမှာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကျပေါက်ကွဲပြီး ဒေသခံ ပြည်သူ ၆ ဦးသေဆုံးခဲ့ပြီးတော့ ၁၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ကလည်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ စစ်ကောင်စီလေတပ်စခန်း အလယ်(ကြား)မှာရှိတဲ့ မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက် ဈေးတန်းတစ်လျှောက်ဘက်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၈ ဦးရှိခဲ့ပါတယ်။







