ဇွန်၊၄
နောင်းချိန်းအထက်တန်းကျောင်းမှာ ဒေသခံကလေးတွေသာမက စစ်ရှောင်ကလေးတွေပါ ကျောင်းပုံမှန် တက်ရောက်နိုင်ဖို့အတွက် မနက်ပိုင်းနဲ့ ညနေပိုင်း တစ်သုတ်စီခွဲပြီး သင်နိုင်အောင် စာသင်ချိန် ပြောင်းလဲသတ်မှတ်ထားတယ်လို့ သိရပါတယ်။
အခုလိုခွဲပြီး သင်ရတာဟာ စစ်ရှောင်စခန်းက အထက်တန်းတက်မယ့် ကလေးတွေ ကျောင်းလာရောက်အပ်နှံမှု များတဲ့အတွက်ကြောင့်ဖြစ်ပြီး ယခင်နှစ်က အယောက် ၁၀၀ ပဲ ရှိခဲ့ရာကနေ ဒီနှစ်မှာတော့ အယောက် ၆၀၀ လောက်အထိ ရှိလာတာကြောင့် ဖြစ်တယ်လို့ နောင်းချိန်းစစ်ရှောင်စခန်းတာဝန်ခံက ပြောပါတယ်။
” အခုက ကျောင်းသားကျောင်းသူ များတဲ့အတွက် မနက်တစ်သုတ်နဲ့ ညနေပိုင်းတစ်သုတ် သင်မှာတဲ့။“လို့ အထက်ပါတာဝန်ခံက ဆိုပါတယ်။
မူလတန်းနဲ့အလယ်တန်းအဆင့် တက်ရမယ့် ကလေးတွေကတော့ မိမိတို့ခိုလှုံနေတဲ့ ကျေးရွာမှာရှိတဲ့ အလယ်တန်းကျောင်းတွေမှာ တက်သူတွေများပြီး အထက်တန်းအားလုံးနီးပါး နောင်းချိန်းစစ်ရှောင်စခန်းမှာ လာရောက်အပ်နှံကြတယ်လို့ သိရပါတယ်။
အဲဒါကြောင့် စစ်ရှောင်စခန်းမှာနေထိုင်တဲ့ တချို့အထက်တန်းကလေးတွေက နောင်းချိန်းကျောင်းအထိ သွားရောက်ကျောင်းတက်ရတာ ဝေးတာကြောင့် အကြိုအပို့ လုပ်ပေးဖို့ကျောင်းကားတွေလည်း လိုအပ်နေတယ်လို့သိရပါတယ်။
ဆိုင်ကယ်ရှိတဲ့သူအတွက်လည်း စက်သုံးဆီဖိုး စိတ်ပူရသလို ဆိုင်ကယ်မရှိတဲ့ သူတွေအတွက်လည်း ခက်ခဲနေကြရတယ်လို့ လဘန်ကျေးရွာစစ်ရှောင်စခန်းနေ ကျောင်းသားမိဘတစ်ဦးကပြောပါတယ်။
“ဒီရွာကနေ နာရီဝက်လောက် ဆိုင်ကယ်စီးရမယ့် နောင်းချိန်းမှာ သွားတက်ဖို့ကလည်း မိဘတွေက အသွားအပြန်အတွက် စိတ်ပူတယ်။ လမ်းစရိတ်လည်း စိတ်ပူတာတွေရှိနေတယ်။“လို့ ဆိုပါတယ်။
ရွာကျောင်းမှာ ၉ တန်းအထိပဲရှိတာကြောင့် ၁၀ တန်း၊ ၁၁ တန်းနဲ့ ၁၂ တန်းအထိ တက်မယ့်သူတွေက ရွာနဲ့အနီးဆုံးလို့ပြောလို့ရတဲ့ နောင်းချိန်းကျေးရွာအုပ်စုက အထက်တန်းကျောင်းကို သွားတက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။
မိုးလေဒဏ်ကြောင့် ပျက်စီးနေတဲ့ နောင်းချိန်းအထက်တန်းကျောင်းက ၄ ခန်းတွဲ နှစ်ထပ်ဆောင်ကို ပြုပြင်ပေးဖို့အတွက်လည်း တောင်းဆိုနေကြပြီး တခြားကျောင်းဆောင်က သွပ်မိုးတွေလည်း လဲရမယ့်အခြေအနေကို ရောက်ရှိနေတဲ့အတွက် အမြန်ဆုံးပြုပြင်ပေးကြဖို့ကိုလည်း တောင်းဆိုနေကြပါတယ်။
ဗလမင်းထင်တံတားအထက်ဘက်က စစ်ရှောင်စခန်းရှိတဲ့ ရွာတွေအားလုံး ကျောင်းဖွင့်ရမယ်ဆိုပြီး ဝိုင်းမော်မြို့နယ်ပညာရေးမှူးက မနေ့က ဇွန်လ ၃ ရက်နေ့မှာ နောင်းချိန်းအထက်တန်းကျောင်းကို လာရောက်ပြီး ပြောကြားသွားတယ်လို့လည်း ဆိုပါတယ်။
ဝိုင်းမော်မြို့နယ်အတွင်းက တိုက်ပွဲတွေကြောင့် ဝိုင်းမော်မြို့ရဲ့တောင်ဘက်ခြမ်း၊ ဧရာဝတီမြစ်တစ်လျှောက်က ခတ်ချို၊ မခန္တီး၊ နောင်းဟီး၊ အာလူး၊ တာလီ၊ စန်းကား၊ ခန့်လုံး၊ မိုင်းမော်နဲ့ တာစန်း-စတဲ့ကျေးရွာတွေအပါ အင်းလေး၊ ခါးရှီ၊ အောင်မြေ (၁)၊ အောင်မြေ (၂)၊ ရွှေညောင်ပင်၊ ဂါးရာယန်၊ ကဇူးယန်၊ ဒဘတ်ယန်နဲ့ နမ်ဆန်ယန်-စတဲ့ကျေးရွာက ဒေသခံတွေဟာ ရွာလုံးကျွတ် တိမ်းရှောင်ခဲ့ရတာပါ။
ဒါ့အပြင် ဝိုင်းမော်မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ရပ်ကွက် ၁၊ ၂၊ ၃၊ ၄၊ ၅ ကဒေသခံတွေအပါ မြို့အရှေ့ဘက်က ဝိုင်းမော် – ဝါရှောင်လမ်းတစ်လျှောက်ဘက်က ကျေးရွာတွေဖြစ်တဲ့ မဒိန်၊ တန်ဘောင်၊ ခကွမ်၊ လဘန်၊ ဝူယန်၊ လမြန်၊ မုတ်ကျိတ်၊ နမ့်ဝါနဲ့ လမြန်-စတဲ့ရွာတွေက ဒေသခံတွေအပါ ဝါရှောင်ကျေးရွာဘက်က ဒေသခံတချို့လည်း တိမ်းရှောင်နေကြပါတယ်။
အထက်ပါ စစ်ရှောင်တွေဟာ မြို့ရဲ့မြောက်ဘက်ခြမ်း(ဗလမင်းထင်တံတားအထက်ပိုင်း)၊ ဧရာဝတီမြစ်တစ်လျှောက်က ကျေးရွာတွေဖြစ်တဲ့ မခေါယန်၊ မခေါတီ၊ လဘန်၊ နောင်းချိန်း၊ အင်ပေါင်၊ ဟန်ဂေါ်၊ အင်ဂန်း၊ မလိယန်နဲ့ ခမ်းဘူ-အစရှိတဲ့ကျေးရွာတွေ ဘက်သာမက ဂွေထုကျေးရွာဘက်အထိ သွားရောက်တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။







