မြစ်ကြီးနား-ဖားကန်လမ်း နန့်ယားကျေးရွာမှာ KIO ပညာရေးစနစ်နဲ့ ကျောင်းဖွင့်မယ်

197
ဓါတ်ပုံ- ပုံဟောင်းဖြစ်ပါသည်။ Photo Credit- The Kachin Net

 

ဇွန်၊၅

ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)ထိန်းချုပ်ထားတဲ့ မြစ်ကြီးနား-ဖားကန့်လမ်းပေါ်က နန့်ယားကျေးရွာမှာ KIO ညာရေးစနစ်နဲ့ ကျောင်းစဖွင့်တော့မှာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လာမယ့် ဇွန်လ ၁၀ ရက်နေကစပြီး ကျောင်းစဖွင့်မှာ ဖြစ်တယ်လို့ နန့်ယားကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ကျောင်းသားများရင် ဆယ့်နှစ်တန်းအထိ ဖွင့်မယ်လို့တော့ ပြောတယ်။ ဆရာ ဆရာမတွေကိုတော့ ဟိုက(KIO ကျောင်း)ခေါ်တယ်လို့ ပြောတယ်။လို့ အထက်ပါအမျိုးသမီးက ပြောပါတယ်။

နန့်ယားအထက်တန်းကျောင်းမှာ KIO ပညာရေးဌာနက ခေါ်ပေးတဲ့ ကျောင်းဆရာ/မတွေအပြင် ကျေးရွာအတွင်းက အထက်တန်းအောင်သူတွေနဲ့ ဘွဲ့ရတဲ့သူတွေကိုလည်း နန့်ယားကျောင်းမှာ ကျောင်းမှာ ခန့်အပ်နိုင်ဖို့ KIO က သင်တန်းပေးတာတွေလည်း ကြားတယ်လို့ ဆိုပါတယ်။

နန့်ယားအထက်တန်းကျောင်းမှာ နန့်ယားကျေးရွာ၊ဆိုင်းဖရာကျေးရွာနဲ့ ကပ်မော်ဇွပ်ကျေးရွာက ကျောင်းသား/သူတွေ လာတက်ကြတာဖြစ်ပြီး လက်ရှိ ကျောင်းသားဦးရေ ၅၀၀ ကျော် ရှိနေပြီလို့ သိရပါတယ်

ဒါအပြင် ဖားကန့်မြို့ တာမခန်ကျေးရွာ၊ရွေတောင်ကျော်၊ကွမ်းဟဲနဲ့ ဟောင်ပါးကျေးရွာတွေမှာ KIO က အထက်တန်းကျောင်းနှစ်ကျောင်းနဲ့ အလယ်တန်းကျောင်း သုံးကျောင်း ဖွင့်ထားပေးပြီး ပြီးခဲ့တဲ့ ၃ ရက်နေ့က ကျောင်းစဖွင့်ခဲ့တယ်လို့ တာမခန့်ဘက်ဒေသခံတစ်ဦးရဲ့ ပြောချက်အရ သိရပါတယ်?

၂၀၂၃-၂၄ ပညာသင်နှစ်မှာ KIO ကျောင်း ၂၁၅ ကျောင်း ၊ ဆရာ/ဆရာမ ၂,၆၇၉ဦး၊ ပညာရေးဝန်ထမ်း ၄၁၅ ဦးရှိခဲ့ပြီး ၂၀၂၄-၂၅ ပညာသင်နှစ်မှာ ကျောင်း ၂၃၃ ကျောင်း တိုးချဲ့မှာ ဖြစ်တဲ့အတွက် စုစုပေါင်း ကျောင်း ၄၄၈ ကျောင်း ရှိလာတော့မယ်လို့လည်း KIO ဒုဥက္ကဌ ဗိုလ်ချုပ်ဂွမ်မော်က သူရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဒီကနေ့ အသိပေးထားပါတယ်။

KG တန်းကနေ Grade 12 အထိ(၆-၃-၃)စနစ်နဲ့ သင်ကြားသွားမှာဖြစ်ပြီး မိခင်ဘာသာစကား၊စာပေနဲ့ အစပြုသင်ကြားမယ့်စနစ် ထည့်သွင်းပြဌာန်းထားတဲ့အပြင် ကချင်မဟုတ်တဲ့ အခြားတိုင်းရင်းသားလူမျိုးတွေ၊ ဘာသာရေးအသင်းအဖွဲ့တွေနဲ့ ပုဂ္ဂလိက ကျောင်းတွေလည်း ဖွင့်ခွင့်ပေးထားတယ်လို့ ဗိုလ်ချုပ်ဂွမ်မော်က ဆိုပါတယ်။

လက်ရှိ KIA ရဲ့ ထိုးစစ်တွေအတွင်းမှာ သိမ်းယူနိုင်ခဲ့တဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က မြို့တစ်ချို့မှာ KIO/KIA ကနေ အုပ်ချုပ်ရေးယန္တရားဆိုင်ရာတွေကို ချမှတ်နိုင်ပြီဖြစ်သလို တချို့မြို့တွေမှာတော့ ချမှတ်နေဆဲကာလဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here