ဇွန်၊၅
ဖားကန့်မြို့နယ်၊ တနိုင်း-လီဒိုလမ်းတစ်လျှောက်က ကျေးရွာငါးခု စုဖွဲ့ပြီး ဒီကနေ့ (ဇွန်လ ၅ရက်နေ့)မှာ ကျရောက်တဲ့ “ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့”အထိမ်းအမှတ်အဖြစ် အပင်စိုက်ပျိုးတဲ့အစီအစဉ်ကို ပထမဦးဆုံး အကြိမ် ပြုလုပ်ကြတယ်လို့ သိရပါတယ်။
ဒွမ်ဘုံး၊ လဝါး၊ ခွမ်စိုင်ယန်၊ ဒွမ်ဘန်၊ မန်ပန် ကျေးရွာ ငါးခုအတွင်းက သက်ဆိုင်ရာ ရပ်ရွာလူကြီးတွေ၊ အသင်းတော်က လူတွေနဲ့ အထက်တန်း ကျောင်းသူ/သားတွေ စုပေါင်းပြီး သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဟောပြောတာတွေအပြင် အပင်စိုက်တာတွေကိုပါ ပူးပေါင်း လုပ်ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
မိမိရပ်ရွာအတွင်းက မြစ်ချောင်း၊ အင်းအိုင်တွေ အစဉ်အမြဲ စီးဆင်းနိုင်ဖို့အပြင် ရာသီဥတု ပြောင်းလဲမှုတွေ မရှိဘဲ အေးချမ်းနေနိုင်ဖို့ ရည်ရွယ်ချက်တွေနဲ့ ဒီအစဉ်ကို စုပေါင်း ပြုလုပ်ကြတာလို့ ပါဝင်လှုပ်ရှားခဲ့တဲ့ ပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
“ဒီနေ့ခေတ်မှာ ကမ္ဘာကြီးပူနွေးလာတယ်ဆိုတာထက် ပူလောင်တဲ့ဘက်ရောက်လာတာပေါ့။ တိရိစ္ဆာန်တွေလည်း သေလာတယ်။ မြစ်ချောင်း၊ အင်းအိုင်တွေလည်း ခမ်းလာတယ်။ ဆိုတော့ ကိုယ်ရပ်ရွာတွေမှာလည်း မြစ်ချောင်း၊ အင်းအိုင်တွေလည်း ဆက်လက်ပြီး မခမ်းပါစေနဲ့တော့ပေါ့။ ပူလောင်တာကနေ အေးချမ်းပါစေ ဆိုပြီး ဒီအစီအစဉ်ကို လုပ်ဖြစ်တာ“လို့ ပြောပါတယ်။
ဒီကနေ့ စိုက်တဲ့ အပင်တွေ ထဲ ကုက္ကူပင်၊ ပိတောက်ပင်၊ ပျဉ်းကတိုးစတဲ့ နှစ်ရှည်ပင်လိုမျိုး အပင်အမျိုးအစားတွေ ပါဝင်ပြီး စုစုပေါင်းအပင် ၁၀၀ လောက် စိုက်ပျိုးခဲ့ကြတယ်လို့ သိရပါတယ်။
အရင်က အခုလို အစီအစဉ်မျိုး ပြုလုပ်တာ မရှိခဲ့ပေမဲ့ ဒီကနေ့ ပထမဦးဆုံး အကြိမ်ပြုလုပ်တဲ့ “ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့“အထိမ်းအမှတ်အဖြစ် အပင်စိုက်တာဟာ ကောင်းမွန်တဲ့ အစီအစဉ် ဖြစ်တာကြောင့် လာမယ့် နှစ်တွေမှာလည်း ပြန်လည်ပြုလုပ်ဖို့ကို မျှော်လင့်တယ်လို့ နောက်ထပ် ပါဝင်လှုပ်ရှားခဲ့သူ တစ်ဦးကလည်း အခုလို ပြောပါတယ်။
“အခုလို သဘာဝပတ်ဝန်းကျင် ပျက်စီးလာချိန် အခုလို ဦးဆောင်ပြီး လုပ်ကြတာဆိုတော့ အရမ်းကောင်းတဲ့ အစီအစဉ်ဖြစ်တယ်လို့ မြင်တယ်။ “လို့ ဆိုပါတယ်။
ဒါ့အပြင် အထိမ်းအမှတ်နေ့အဖြစ် အပင်တွေကို ဒွမ်ဘန်ကျေးရွာအတွင်းက ကော့တောင်ချောင်း(Kawk Tawng hka)အနီးအနားတွေမှာ စိုက်ပျိုးခဲ့ပြီး ဒီကနေ့ အစီအစဉ်မှာ ကျေးရွာ ၅ ခုက လူဦးရေ စုစုပေါင်း ၃၀၀ ကျော် ပါဝင်ခဲ့တယ်လို့လည်း သိရပါတယ်။