အင်းတော်ကြီးဒေသမှာ ငှက်ဖျားရောဂါ အဖြစ်များနေပြီး ဆေးဝါးရရှိဖို့ ခက်ခဲနေ

202

 

ဇွန်၊၁၈

မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသအတွင်းက ကျေးရွာတွေမှာ ငှက်ဖျားရောဂါ အဖြစ်များနေပြီး ဆေးဝါးရရှိဖို့ ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေလကုန်ပိုင်းလောက်ကနေ အခုလအတွင်း ငှက်ဖျား အဖြစ်များလာတာဖြစ်ပြီး ငှက်ဖျားပိုးစစ်ဆေးတွေ့ရှိပေမဲ့ ဆေးဝါးကို လိုအပ်သလောက်မရတာကြောင့် အခက်အခဲ ဖြစ်နေတယ်လို့ အင်းတော်ကြီးဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

အိမ်မှာ သုံးယောက်ရှိရင် နှစ်ယောက်က ဖြစ်တဲ့ အနေအထားပေါ့။ ရောဂါကတွေ့ပြီး တိုက်ဖို့ဆေးက ဝယ်ရဖို့ခက်နေတာ။ မိုးညှင်းကို ဆေးမှာလည်း ရှိမနေဘူး။ ဝယ်မယ်ဆိုလည်း ဆေးလုံလုံလောက်လောက် မရတာပေါ့။လို့ ဒေသခံက ဆိုပါတယ်။

အရင်နှစ်တွေက အင်းတော်ကြီးဒေသမှာ ငှက်ဖျားဖြစ်ပွားတာ သိပ်မရှိခဲ့ပေမဲ့ ဒီနှစ်မှာတော့ အင်းတော်ကြီးဒေသက ညောင်ပင်၊ ဟွေလုံ၊ နန့်မီးလောင်၊ ချောင်းဝ စတဲ့ ကျေးရွာတွေဘက်မှာလည်း အဖြစ်များနေတာလို့ ဆိုပါတယ်။

ကျေးလက်ဆေးပေးခန်းနဲ့ ကျန်းမာရေးဝန်ထမ်းမရှိတဲ့ တချို့ကျေးရွာတွေမှာဆိုရင် တခြား နေရာဘက် သွားရောက်ကုသဖို့ မတတ်နိုင်တဲ့ မိသားစုတွေ ရှိတာကြောင့် အခက်အခဲတွေ ကြုံနေရတယ်လို့လည်း ဒေသခံက ပြောပါတယ်။

အင်းတော်ကြီးဒေသတစ်ခွင် ရွှေတူးဖော်တဲ့ နေရာတွေတဝိုက်မှာ အသည်းငှက်ဖျားပိုး P.V အဖြစ်များတာကိုတွေ့ရပြီး ဦးနှောက်ထဲဝင်တဲ့ P.F ငှက်ဖျားပိုး ဖြစ်ပွားတာလည်း ရှိတယ်လို့ နောက်ထပ် အင်းတော်ကြီး ဒေသခံတစ်ဦးကလည်း ပြောပါတယ်။

ဒီဘက်မှာ ရွှေမှော်တွေလည်းရှိတယ်။ တောတွေနဲ့ဆိုတော့ အဲဘက်ကတွေ ပိုပြီး အဖြစ်များ နေကြတာ။ ဆေးဝါးက မရှိဘူး။ အပြင်ကနေပဲ ဝယ်နေရတာ။ P.F ပိုးဆိုရင် ဆေးကလည်း ရှာရတာ ခက်တယ်။ လို့ ဆိုပါတယ်။

ကျေးလက်ကျန်းမာရေးဌာနတွေမှာ ငှက်ဖျားနဲ့ ပတ်သက်တဲ့ ဆေးဝါးတွေ လုံလောက်မှု မရှိတာကြောင့် ပြင်ပကဆေးဝါးတွေ ဝယ်ယူကုသနေရပြီး ကလေး၊လူကြီးတွေသာမက ကိုယ်ဝန်ဆောင်မိခင်တွေလည်း ငှက်ဖျားဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

အသည်းငှက်ဖျားပိုး P.V အတွက် လိုအပ်တဲ့ ဆေးဝါးကို ပြင်ပဆေးဆိုင်တွေမှာ ဝယ်ယူနိုင်ပေမဲ့ ဦးနှောက်ငှက်ဖျားပိုး P.F အတွက်တော့ ဆေးဝါးရရှိဖို့ ခက်ခဲသလို ငှက်ဖျားနဲ့ ပတ်သက်တဲ့ ဆေးဝါးတွေလည်း ဈေးမြင့်တက်နေတယ်လို့ သိရပါတယ်။

အရင်က ဧပြီလပိုင်းနဲ့ မေလပိုင်းတွေမှာ ကျေးရွာအတွင်း ရောဂါကာကွယ်ဖို့ ခြင်ဆေးဖြန်းတာအပြင် ကာကွယ်ရေးနဲ့ပတ်သက်တဲ့ အသိပညာပေးတာတွေ လုပ်ဆောင်ခဲ့ပေမဲ့ ဒီနောက်ပိုင်း အဲဒီလို အစီအစဉ်တွေ မရှိတော့ဘူးလို့လည်း အင်းတော်ကြီးဒေသခံတွေက ပြောပါတယ်။

ဓါတ်ပုံ- ပုံဟောင်းဖြစ်ပါသည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here